လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။
 
၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လျစ်လျူရှုစွန့်ပစ်ခြင်းခံခဲ့ရသည့် ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း (၁၃၄) ဦးနှင့် ယင်းတို့၏ မိသားစုဝင် (၆၄) ဦးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ကယ်တင်ခေါ်ထုတ်ပေးခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာနမှ ယမန်နေ့က ထုတ်ပြန်ထားသည်။
 
လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ယင်းမိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာဖြင့် စောင့်ရှောက်ထားသည်ဟု သိရသည်။

Non-CDM များနှင့် ပတ်သက်ပြီး နောက်ဆက်ဆွဲလုပ်ငန်းစဉ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ ( NUCC) မှ ရေးသားပြုစုထားသည့် “CMD နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း” ပါ Non-CDM ဆိုင်ရာ ပြဌာန်းချက်များကို ကိုးကား၍သော် လည်းကောင်း၊ လူ့အခွင့်အရေးကို အခြေခံ၍သော် လည်းကောင်း စီမံဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများသည် နိုဝင်ဘာ ၁၁ ရက်နေ့က စတင်သည့် ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးတွင် ကရင်နီပြည် လွိုင်ကော်မြို့သိမ်းတိုက်ပွဲနှင့် အခြားသော စစ်ကောင်စီလက်အောက်ခံတပ်စခန်းများကို နေ့စဉ်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
 
#RedNewsAgency
By Editor