တော်လှန်ရေးအလှည့်အပြောင်းကြီး လာတော့မလား

“စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်ခဲ့တဲ့ ကာမိုင်းဒေသဆိုတာ ၁၉၇၁ ခုနှစ်က စစ်တပ်နဲ့ ဗကပ အဖွဲ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ စစ်တပ်သမိုင်းတစ်လျှောက် ဂုဏ်အယူရဆုံးတိုက်ပွဲလို့ဆိုနိုင်မဲ့ ကွမ်းလုံရက်၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသ”

ချမ်းမင်း

ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံးမြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထံ အောက်တိုဘာလ ၃၀ ရက်နေ့က လက်နက်ခဲယမ်း အများအပြားဖြင့် အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုတွေ့ရပါတယ်။ မြေပြင်သတင်းတွေအရဆိုရင် အောက်တိုဘာလ၂၉ ရက်နေ့ညပိုင်းကတည်းက MNDAA က တာဝန်ရှိသူတွေနဲ့ ခလရ၁၄၃ တပ်ရင်းမှ တာဝန်ရှိသူတွေ နှစ်ဖက်ညှိနှိုင်းကြပြီး အခုလို လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။

ခလရ ၁၄၃ ရှေ့တန်းစခန်းက လက်နက်ချအလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေထဲ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင်တပ်ခွဲမှုး၂ ဦးလည်းပါဝင်ပြီး စုစုပေါင်းအင်အား၄၁ ဦးအထိ ပါဝင်တယ်လို့ သိရပါတယ်။ ယခု စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်ခဲ့တဲ့ ကာမိုင်းဒေသဆိုတာ ၁၉၇၁ ခုနှစ်က စစ်တပ်နဲ့ ဗကပ အဖွဲ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ စစ်တပ်သမိုင်းတစ်လျှောက် ဂုဏ်အယူရဆုံးတိုက်ပွဲလို့ဆိုနိုင်မဲ့ ကွမ်းလုံရက်၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသပဲ ဖြစ်ပါတယ်။

Photo: Kokang – 1027 Operation 

စစ်တပ်ဘက်က အစဥ်အဆက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဒါငါတို့ အောင်မြေပါဆိုပြီး ကြွေးကြော်ခဲ့တဲ့ ကွမ်းလုံမြို့ဟာလည်း ဒီကနေ့ အချိန်မှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ လက်ထဲကို အချိန်ခဏလေးအတွင်း ကျရောက်ခဲ့ပြီး တပ်ရင်းအလိုက် လက်နက်ချမှုတွေပါ ဖြစ်ပေါ်လာခဲ့ရပြီပဲ ဖြစ်တယ်။ အခုလိုတပ်ရင်းလိုက် လက်နက်ချတာတွေ၊ ညှိနှိုင်းပြီး အလင်းဝင်တာတွေဟာ စစ်တပ်သမိုင်းတစ်လျှောက် အလွန်ရှားပါးတဲ့ဖြစ်စဥ်တွေလို့ဆိုနိုင်ပါတယ်။

စစ်သားတစ်ယောက်ဟာ သာမန်ချိန်မှာထက် စစ်မြေပြင်မှာ လိုက်နာရတဲ့စည်းကမ်းတွေ၊ ကျင့်ဝတ်တွေဟာ ပိုမိုများပြားလွန်းလှပါတယ်။ ဥပမာ သာမန်အချိန်မှာ စစ်တပ်ကပြေးရင် ထောင်ဒဏ်လောက်သာ ကျနိုင်ပေမဲ့လည်း စစ်မြေပြင်မှာ စစ်စခန်းစွန့်ခွာပြေးရင်တော့ သေဒဏ်ကနေ တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ကျနိုင်ပါတယ်။

Photo: Kokang – 1027 Operation 

အခုလို တပ်ရင်းတစ်ရင်းလုံး ညှိနှိုင်းပြီး လက်နက်ချအညံ့ခံရင် ဒီထပ်ပိုကြီးလေးတဲ့ ပြစ်ဒဏ်တွေတောင်ကျနိုင်ပါသေးတယ်။ အဲ့ဒီလိုကြီးလေးတဲ့ ပြစ်ဒဏ်တွေကျနိုင်ကြောင်းကို သိပါရက်နဲ့တပ်ရင်းတစ်ရင်းလုံး လက်နက်ချအညံ့ခံလိုက်တာကိုကြည့်ရင် စစ်ကောင်စီတပ်ရင်းတွေအတွင်း စစ်ပန်းမှုဒဏ်တွေ၊ စစ်တိုက်ချင်စိတ်မရှိတော့တဲ့ စိတ်ဓာတ်ကျနေတာမျိုးတွေ ခံစားနေရတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

လက်နက်ချအလင်းဝင်လာလို့ အဲဒီစခန်းနဲ့ ပတ်သက်တဲ့ ရုပ်သံတွေအရဆိုရင် လက်နက်ချလို့သာချတယ် အဆိုပါတပ်ရင်းအနေနဲ့ စခန်းကို လာတိုက်လာတဲ့အဖွဲ့တွေကို ကောင်းကောင်းကြီး ခုခံနိုင်လောက်တဲ့ လက်နက်ခဲယမ်း အင်အားအပြည့်အစုံတွေရှိနေတာကိုလည်းတွေ့ရပါသေးတယ်။ အခုနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရဲ့ တိုက်လိုခိုက်လိုစိတ် နိမ့်ဆင်းလာမှု တိုက်စွမ်းရည်ကျဆင်းလာမှုတွေကို မကြာခဏသတိထားမိလာရပါတယ်။

Photo: Kokang – 1027 Operation 

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေရဲ့ အခြေအနေကို အနီးစပ်ဆုံးပြောရရင် စက်တင်ဘာလ ၁၄ ရက်က ထိုင်းမြန်မာနယ်စပ်ရှိ ရေတံလျှောက်စခန်းကုန်းကို KNLAနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်စဥ်ကလည်း လက်နက်ခဲယမ်းများစွာရှိနေတဲ့ စခန်းကို အလွယ်တကူနဲ့ သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။ မှတ်မိသလောက်ဆိုရင် အဆိုပါ ရေတလျှောက်စခန်းရှိ လက်နက်ခဲယမ်းတွေဟာ တိုင်းအရံခဲယမ်းတွေလို့ပင်ထင်ရလောက်အောင် အလွန်များပြားခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေဘက်မှ စစ်ရေးအမြတ်အတော်လေးရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။

အဲဒါတွေတင်မကသေးပါဘူး တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီဒေသ ချင်းပြည်နယ်ဒေသနဲ့ ကချင်ပြည်နယ်ဒေသတစ်ချို့မှာလည်း အလားတူလက်နက်ခဲယမ်း ပြည့်စုံတဲ့စခန်းတွေ အလွယ်တကူ အရှုံးပေးအညံ့ခံလာတဲ့ ဖြစ်စဥ်မျိုးတွေ ရှိပါသေးတယ်။ စစ်ကောင်စီတပ်သားတွေဟာ တိုက်လိုခိုက်လိုစိတ် နည်းပါးလာတဲ့အပြင် တိုက်စွမ်းရည်တွေလည်း ယခုနောက်ပိုင်း သိသိသာသာ ကျဆင်းလာနေတာကိုလည်း သတိထားမိပါတယ်။ စစ်ကောင်စီတပ်သားတွေရဲ့ တိုက်စွမ်းရည်ကျဆင်းမှုနဲ့ပတ်သတ်ပြီး လက်ခတ်တောင်တိုက်ပွဲမှာလည်း သက်သေတည်နေပါတယ်။

 

လက်ခတ်တောင်ဟာ မြဝတီ တောင်ဘက်နယ်မြေ တစ်လျှောက်ကို စိုးမိုးထားတဲ့တောင်ကြော ကုန်းကြီးဖြစ်တဲ့အပြင် ဗျူဟာအရလည်း အရေးပါတဲ့ စခန်းကုန်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီလိုအရေးပါတဲ့ စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဇူလိုင်လ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့အချိန်ထိ တပ်စွဲထားကြပါတယ်။

ထူးခြားချက်က ဒီစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ သိမ်းပိုက်ရာမှာ နာရီပိုင်းသာကြာမြင့်ခဲ့ပေမဲ့ စစ်ကောင်စီအနေနဲ့ မြေပြင်အင်အားနဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ အဆမတန်အသုံးပြုပြီး တိုက်ခိုက်တာတောင် ၃ လ ကျော်ကြာမြင့်တဲ့အချိန်ထိ ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိသေးပါဘူး။

ဒါတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ တိုက်စွမ်းရည်အလွန်အမင်းကျဆင်းနေတယ်ဆိုတာ ကောင်းကောင်းကြီးထင်သာနေတဲ့ အချက်ပဲဖြစ်ပါတယ်။ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာလည်း စစ်ရေးအရ တော်လှန်ရေး အင်အားစုတွေက တဖြည်းဖြည်းအင်အားများလာတယ် စိုးမိုးနယ်မြေတွေကျယ်လာတယ်လို့ ပြောလို့ရပါတယ်။ နွေဦးတော်လှန်ရေး ခုခံစစ်အတွင်း ၂၀၂၃ နှစ်ကုန်ဟာ စစ်ကောင်စီအတွက် စစ်ရေးရှုံးနိမ့်တဲ့ နှစ်လို့ အများကြီး ပြောလို့ရပါတယ်။

Photo: Kokang – 1027 Operation 

အခုနောက်ဆုံး မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်ပတ်တာကာလအတွင်းမှာကို စစ်စခန်း၁၀၀ နီးပါးနဲ့ ချင်းရွှေဟော်၊ သန္နီ၊ ပန်ဆိုင်း၊ ဖောင်းဆိုင် မြို့တွေကို ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေကနေ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ ရှမ်းမြောက် တိုက်ပွဲပြင်းထန်မှုတွေနဲ့အတူ တနိုင်ငံလုံးက စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်သိမ်းပြီး မြို့သိမ်းတိုက်ပွဲတွေသာ ဆက်တိုက်ဖော်ဆောင်လာတော့မယ်ဆိုရင်တော့ ၂၀၂၄ ဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းကာလ ဖြစ်သွားနိုင်ပါတယ်။ ။

Photo: Kokang – 1027 Operation

#RedNewsAgency

By Editor