စစ်တပ်က ဘာလို့ တိုက်တိုင်း ရှုံးနိမ့်နေတာလဲ?

“ငါ့စခန်းလာတိုက်တာနဲ့ ထွက်ပြေးမယ်ဆိုတာက စစ်သားအယောက် ၁၀၀မှာ ၇၀ လောက်ရှိပါတယ်” မယုံမရှိပါနဲ့။ အထက်လူကြီးဆိုတဲ့သူတွေက ဘယ်လိုအမိန့်ပေးပေး၊ ဝါဒဖြန့်ချန်နယ်တွေက ဘယ်လိုလိမ်ပေးနေလည်း “ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်” ဆိုသလို စစ်တပ်မကောင်းကြောင်း စစ်သားတွေက ပိုသိပါတယ်။

မောင်ဝိ

စစ်တပ်ကဘာလို့ စစ်ပွဲတွေမှာ တိုက်တိုင်းရှုံးနေတာလဲဆိုတာကို ပြောပြချင်ပါတယ်။ အခုလက်ရှိ ဖြစ်ခဲ့တဲ့ ၁၀၂၇ ရှမ်းမြောက် စစ်ဆင်ရေးကစပြောရမယ် ထင်ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဦးဆောင်ပြီး၊ စစ်ဆင်ရေးကာလ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ထိကို စခန်းကြီး၊ စခန်းငယ် ပေါင်း ၉၀ ကျော်၊ တင့်နဲ့သံချပ်ကာ ၆ စီး သိမ်းဆည်းရမိခဲ့တယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ကျဆုံးစစ်သားတွေလည်း များပြားခဲ့တယ်လို့ ဒေသခံကိုးကန့်သတင်း မီဒီယာရဲ့ ထုတ်ပြန်ချက်တွေမှာ မြင်တွေ့နေရပါတယ်။

ပထမဆုံးကတော့ စစ်ကောင်စီတပ်ရဲ့ အဓိက စစ်ရှုံးရတဲ့အကြောင်းရင်းက လက်နက်ငယ် ဆိုရင်ပိုမှန်ပါလိမ့်မယ်။ စစ်တပ်ဘက်ကနေ လေကြောင်းပစ်ကူ၊ အမြောက်လက်နက်ကြီး ပစ်ကူပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါကလည်း အကန့်အသတ်နဲ့ပါပဲ။ ရှေ့တန်းမှာ သူတင်ကိုယ်တင် ပစ်ရပြီဆိုတော့ လက်နက်ငယ်တွေက အရမ်းစကားပြောပါတယ်။ အခုစစ်တပ်မှာ ထုတ်ပေးတဲ့ သေနတ်တွေက MA series သေနတ်တွေပေါ့။

မြင်ရသလောက်ဆိုရင် စစ်တပ်က တိုက်ပွဲတွေမှာ စက်ကလေး အနေနဲ့ MA-2 ကိုင်တာရှိမယ်၊ မြေပြင်ချေမှုန်းရေးအတွက် MA- 1၊ MA-13နဲ့ 30 Carbine စသဖြင့်ပေါ့။ ဒီသေနတ်တွေကို မကောင်းဘူးလား မေးရင် စစ်တပ်ပိုင် ကပစတွေက ထုတ်တာမို့ အရည်အသွေး (QC) မပြည့်မှီဘူးလို့ ဆိုချင်ပါတယ်။ 

Photo: Kokang – 1027 Operation

ဒါကလည်း လက်လွတ်စပယ်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် တပ်မှာ စက်ပစ်ကွင်း ဝင်ချိန်ဆိုရင် MA-13 သေနတ်တွေက ကျည်အတောင့် ၂၀ လောက်ဆက်တိုက်ပစ်ပြီးရင် ကျည်ညှပ်တာတွေ၊ ပြောင်းရင်းပူလာတာတွေကြောင့် သေနတ်ကိုအနားပေးထားရပါတယ်။ ဒါတောင် သေနတ်ပစ် လေ့ကျင့်တဲ့ အချိန်ခနလေးမှာတင် ကြုံရတာပါ။

တကယ့် စစ်မြေပြင်မှာ သူတင်ကိုယ်တင် တိုက်ရပြီဆိုတော့ စိတ်ဓာတ်ဘယ်လောက်ရှိရှိ အဆင်မပြေနိုင်ပါဘူး။ စစ်ပွဲမှာ တဖက်ရန်သူနဲ့ အသက်လုရပြီဆိုတော့ ဒီသေနတ်တွေက အရမ်းစကားပြောလာပါတယ်။ အခုမြင်နေရတာကတော့ စစ်ကောင်စီတပ်မှာ စိတ်ဓာတ်ကျဆင်းနေတာတွေကိုလည်း တွေ့ရပါတယ်။

တဖက်က တော်လှန်ရေးတပ်ဖွဲ့တွေက လက်ရှိအသုံးပြုနေတဲ့ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတွေကထုတ်တဲ့ သေနတ်တွေဆိုတာက မိနစ်ပိုင်းအတွင်း ကျည်ထွက်နှုန်း ကြမ်းတယ်၊ ပြီးတော့ ကျည်ဘောက်ကို တဘောက်ပြီး တဘောက် လျင်လျင်မြန်မြန်ပဲ ပစ်နိုင်တယ်။ ဒါက စစ်မြေပြင်မှာ အရမ်းစကားပြောတဲ့အချက်လို့ မြင်မိပါတယ်။ ဘယ်လိုပဲ စစ်ရေးဗျူဟာတွေ ဆွဲနေပါစေ၊ အရည်အသွေးမရှိ သံသားမကောင်းတဲ့ သေနတ်ဆိုတာ စစ်မြေပြင်မှာ​တော့ တုတ်တချောင်း ထက်မပိုပါဘူး။

Photo: Kokang – 1027 Operation 

မြန်မာစစ်တပ်က ခေတ်မှီလက်နက်တွေကို ခြေလျင်စစ်သားတွေအတွက် တပ်ဆင်ပေးဖို့ မတတ်နိုင်ဘူးလား ဆိုရင်၊ ကာကွယ်ရေး အသုံးစရိတ်အမြင့်ဆုံးယူထားတဲ့ စစ်တပ်ဟာ သူ့ရဲ့ ခြေလျင်တပ်တွေကို ဝယ်ယူတပ်ဆင်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူကြီးတွေကိုယ်တိုင်က ရတဲ့ပိုက်ဆံကို အိတ်ထဲထည့်တာနဲ့ သူ့ရဲ့ စစ်သားတွေကိုတန်ဖိုးမထားဘူးလို့ပဲ ဆိုချင်ပါတယ်။ အုပ်ချုပ်ထောက်ပံ့မှုဆိုရင်တော့ ပိုတောင်ဝေးပါသေးတယ်။

ခြေလျင် ခြေမြန် မပြောပါနဲ့ စစ်တပ်က သုံးနေတဲ့ F-7၊ A-5 လေယာဥ်တွေထဲက တချို့ဆိုတာ တရုတ်က စွန့်ပစ်ထားတဲ့ လေယာဥ်တွေပါ။ ခန့်မှန်း ၂၀၁၀ ခုနှစ်လောက်က ဖြစ်မယ် လေတပ်က ဆရာဖြစ်သူ ပြောဖူးတာရှိတယ်။

သူပြောတာကတော့ “တရုတ်နိုင်ငံကို လေယာဥ်ဝယ်ဖို့ အရာရှိ၊ အခြားဆင့် ဆရာတွေ ငါအပါအဝင် သွားကြတာပေါ့ကွာ ငါတို့ကတော့ လေယာဥ်ဝယ်ဖို့ ကိုယ်စားပြုအနေနဲ့ လာတာဆိုတော့ ခပ်မြောက်မြောက်ပေါ့၊ ဒါနဲ့ ရောက်ပြီး ၂ ရက်လောက်ကျ တရုတ်စကားပြန်နဲ့ လေယာဥ်သွားကြည့်ကြတာကွာ လေယာဥ်အစုတ်တွေထားတဲ့ နေရာကို ခြုံတွေအတော်ရှင်းယူရတယ်။ ပြီးမှ သယ်မယ့်လေယာဥ်ကို ကားနဲ့ဆွဲထုတ်လာရတယ်။ နောက်မှသိရတာက တရုတ်က သူတို့အသုံးမလိုတဲ့ လေယာဥ်တွေကို လက်ဆောင်ပေးလို့ အထက်က ချိတ်ဆက်ပြီး လာယူရတာကွာ”။

ဒီလေယာဥ်ကိစ္စကတော့ တပ်မှာတုန်းက ဆရာဖြစ်သူ ပြောပြတဲ့ တကယ့်အဖြစ်အပျက်ပါ။ နိုင်ငံတော်ဘက်ဂျက်ထုတ်ပြီး လေယာဥ်ဝယ်တယ်ဆိုလို့လည်း စွတ်အထင်မကြီးပါနဲ့ အခု တရုတ်ကဝယ်ထားတဲ့ K-8 W လို လေယာဥ်ဆိုတာကလည်း တရုတ်ကနေ အခွံဝယ်တယ်၊ ပြီးတော့ ပါကစ္စတန်က အင်ဂျင်ဝယ်တယ်၊ ဟိုနိုင်ငံက လိုတာထပ်ဝယ်တယ် ဒီလိုမျိုး လုပ်စားကြတာ။ လေယာဥ်ဆိုတာက သူ့ရဲ့သက်တမ်းကို မောင်းနှင်တဲ့ နာရီနဲ့သတ်မှတ်ရတာဆိုတော့ ဥပမာ နာရီ ၅၀ လေယာဥ်အင်ဂျင်မောင်းပြီးပြီဆိုရင် အင်ဂျင်အစားထိုးထည့် ဒါမျိုးတွေလုပ်ကြတာ ပြောရရင်ပြောမဆုံးပါဘူး။

နိုင်ငံတကာ စစ်တပ်တွေမှာက ခေတ်မှီတပ်မတော်ဖြစ်အောင် ကြိုးစားကြတဲ့နေရာမှာ ခေတ်မှီလက်နက်၊ ခေတ်မှီဝတ်စုံ၊ အပါအဝင် စစ်ရေးပညာတွေပါ မြှင့်တင်လာကြတာပါ။ ကျွန်တော်တို့နိုင်ငံက စစ်တပ်ကတော့ ကမ္ဘာအဆင့် ၃၈ ဝင်တယ်ဆိုတာကလည်း လက်နက်ကြီး၊ စစ်သည်အရေအတွက်ကြောင့်သာ တန်းဝင်တာပါ။ တကယ်တမ်း မြေပြင်မှာ အရည်အသွေး ညံ့ဖျင်းတယ်ဆိုတာ လက်ရှိ တော်လှန်ရေးအတွင်းက တိုက်ပွဲတွေကို ကြည်ရင် သိနိုင်ပါတယ်။ ချုပ်ပြောရရင် လက်ရှိစစ်ပွဲတွေမှာ စစ်တပ်က စခန်းတွေ ခနခနဆုံးရှုံးနေတယ်ဆိုတာ စစ်သားတယောက်အနေနဲ့ ဘယ်လိုပဲ စိတ်ဓာတ်ရှိပါတယ်ပြောပြော ခုပုံစံနဲ့ဆိုရင် ထပ်တိုက်လည်း ထပ်ရှုံးမှာပါ။

ဒုတိယအချက် မြင်မိတာကတော့ စိတ်ဓာတ်ပါ။ မြောက်ပိုင်းက တပ်ရင်းတွေ၊ စခန်းကုန်းတွေ ရက်ပိုင်းအတွင်း ခုလို ခနချင်းအသိမ်းခံရတာက လက်ရှိစစ်တိုက်နေတဲ့ စစ်သားတွေရဲ့ ခံယူချက်ကြောင့် လည်းပါဝင်ပါတယ်။ ပြည်သူက စစ်တပ်ကို မထောက်ခံတော့ဘူးဆိုတာ အနည်းနဲ့အများ စစ်သားတွေကိုယ်တိုင်က သိနေကြပါပြီ။ “ငါ့စခန်းလာတိုက်တာနဲ့ ထွက်ပြေးမယ်ဆိုတာက စစ်သားအယောက် ၁၀၀မှာ ၇၀ လောက်ရှိပါတယ်” မယုံမရှိပါနဲ့။ အထက်လူကြီးဆိုတဲ့သူတွေက ဘယ်လိုအမိန့်ပေးပေး၊ ဝါဒဖြန့်ချန်နယ်တွေက ဘယ်လိုလိမ်ပေးနေလည်း “ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်” ဆိုသလို စစ်တပ်မကောင်းကြောင်း စစ်သားတွေက ပိုသိပါတယ်။

Photo: Kokang – 1027 Operation

အထက်ပါ အခြေအနေတွေကြောင့် စစ်တပ်က တိုက်တိုင်းရှုံးနေတယ်လို့တော့ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ တချိန်က တိုက်ခဲ့တဲ့ “ကွမ်းလုံ ရက် ၄၀” တို့ဆိုတာကလည်း အဲ့ဒီအချိန်က စစ်သားအများစုက အခုခေတ်ကထက် စိတ်ဓာတ်ပိုကြံခိုင်ကြတယ်။ သေနတ်ဆိုတာကလည်း BA-63၊ BA-64၊ BA-72 ဆိုတာက သုံးရတဲ့ 7.62 ကျည်က အစ၊ သေနတ် အဆုံးအရည်အသွေးကောင်းခဲ့တယ်။ “မိုင် ၂၀ တိုင်မကွယ်နဲ့” လို့တောင် ပြောယူရတဲ့အထိ သေနတ်တွေက ကောင်းခဲ့တာပါ။ 

အခုတော့ စစ်ကောင်စီတပ်မှာက ဒီသေနတ်တွေက သင်တန်းကျောင်းတွေမှာပဲ (DP) လေ့ကျင့်ရေး သေနတ်အနေနဲ့ပဲ သုံးကြတော့တယ်။ လက်နက်ကမကောင်း၊ ပြည်သူကလည်းလက်မခံမှတော့ စိတ်ဓာတ်ကျတာတွေက မထူးဆန်းတော့ပါဘူး။ နိဂုံးချုပ်ရရင် လက်ရှိ ကျွန်တော်အမြင် ဒါတွေက စစ်တပ်ကို ကျရှုံးစေတာလို့ပဲ မြင်မိတယ်။ အခုချိန်မှ ပြုပြင်ဖို့လည်း နိုင်ငံတကာရဲ့ လက်နက်ပိတ်ဆို့မှုတွေကြောင့် စစ်တပ်က မလွယ်တော့ပါဘူး။ လက်ရှိအခြေအနေတိုင်း ဆက်သွားရင် စစ်တပ်ဟာ နိဂုံးချုပ်ဖို့ မကြာတော့ဘူးလို့ပဲ ပြောချင်ပါတယ်။ ။ 

Red News Agency

By Editor