ခံစစ်ကောင်းကောင်းမရှိ တိုက်စစ်ကောင်းကောင်းမရှိတဲ့ စစ်ကောင်စီတပ်

“ရက်ပိုင်းအတွင်း စစ်စခန်း ၇၀ ကျော်နဲ့ မြို့တွေကိုပါသိမ်းတယ်၊ တချို့မြို့တွေကိုတော့ အပြင်ကနေထိန်းချုပ်ထားနိုင်တယ်ဆိုတာကို ကြည့်ရင် အင်အားကြီးတဲ့ စစ်ရေးဖြစ်တယ်”

ချမ်းမင်း

အခုရက်ပိုင်းအတွင်း နွေဦးတော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ စစ်ရေးသတင်းတွေနဲ့ပတ်သတ်ပြီး ရှမ်းမြောက်ဘက်က MNDA ၊ TNLAနဲ့ AA မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အတော်လေး ဟိုလေးတစ်ကျော်နဲ့ နာမည်ကြီးနေပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းနောက်ပိုင်းအတွင်း အဆိုပါညီနောင်မဟာမိတ်သုံးဖော်အနေနဲ့ စစ်ရေးလှုပ်ရှားမှု သိပ်မရှိတာမို့ စစ်တပ်က သတိမထားမိလိုက်တဲ့အချိန်မှာ အခုလို စစ်ဆင်ရေးကြီးကြီးမားမား ပြုလုပ်လိုက်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက်တော့ စိတ်ဓာတ်ရေးအရကော၊ အောင်မြင်မှုအရပါ အကျိုးအမြတ်ကြီးကြီးမားမားရလိုက်တယ်လို့ဆိုနိုင်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်းကြေငြာပြီးတာနဲ့ နိုင်ငံအနှံ့မှာရှိတဲ့ တခြားသော တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံကလည်း မြောက်ပိုင်းသုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ အဲသလိုပါပဲ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်းမှာ BPLA နဲ့ PLA တို့ကလည်း ပူးပေါင်းပါဝင်နေပါတယ်။

ရှမ်းမြောက်နယ်စပ်နဲ့ မန္တလေးတိုင်းအတွင်း ခြေကုပ်ယူလှုပ်ရှားနေတဲ့ မန္တလေး PDFဟာလည်း တောင်သမန်စစ်ဆင်ရေးအမည်ဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းပါဝင်နေပါတယ်။ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်တွေနဲ့ပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ပြထားပါတယ်။ ပြီးတော့ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးအဆင့်တွေကိုပါ ဖမ်းဆီးထားနိုင်ပါတယ်။

Photo : The Kokang

မန္တလေးPDFဟာ ဒီနှစ်အစောပိုင်းကတည်းက သပြေညိုစစ်ဆင်ရေး၊ ကနောင်စစ်ဆင်ရေးတို့ဖြင့် ပြည်တော်ဝင်ရန်ကြိုးပမ်းနေတာကြောင့် အခုလိုမြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်းပါဝင်မယ်လို့ ကြေငြာတာကို ကြည့်ရင် ဒီစစ်ဆင်ရေးဟာ ဟိုယခင်တွေတုန်းကလို နယ်စွန်နယ်ဖျားမှာရှိတဲ့ တိုင်းရင်းသားဒေသတွေလောက်မှာသာ တိုက်ပွဲဖြစ်ပွားတာမျိုးမဟုတ်တော့ဘဲ စစ်ကောင်စီအားကောင်းရာ မန္တလေးလိုနေရာမျိုးအထိ ရောက်ရှိလာတော့မယ်လို့ အချက်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းကူညီမှုတွေနဲ့ တိုက်ခိုက်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ လေးရက်တာကာလအတွင်း စစ်ကောင်စီတပ်စခန်း ၇၈ ခုနှင့် သုံပန်းများစွာ၊ ခဲယမ်းလက်နက်များစွာကိုသိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင်ကုန်သွယ်ရေးအရ အရေးပါသော ချင်းရွှေဟော်မြို့နဲ့ ဖောင်းဆိုင်းမြို့တိုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး သိန္နီမြို့ကို ဒီကနေ့အထိ မဟာမိတ်တွေက ထိန်းချုပ်ထားလိုက်ပါပြီ။

နောင်ချိုမြို့ကိုလည်း ထိန်းချုပ်ထားနိုင်နေပြီလို့ သတင်းတွေထွက်နေပါပြီ မြို့ပြင်ကို ထိန်းချုပ်ထားနိုင်တာကတော့ သေချာနေပါပြီ။ နောင်ချိုမြို့ဆိုတာဟာ စစ်တပ်ရဲ့တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နဲ့ နာရီဝက်ခရီးလောက်သာရှိတော့တဲ့မြို့ဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နောင်ချိုကို ထိန်းထားနိုင်တာကိုကြည့်ရင် ၁၀၂၇ စစ်ဆင်ရေးရဲ့ တိုက်စစ်အဟုန် ဘယ်လောက်မြန်ဆန်ကြီးမားလည်းဆိုတာခန့်မှန်းနိုင်ပါတယ်။ အခုတော့ စစ်ကောင်စီဟာ ပြင်ဦးလွင်လို ကာကွယ်ဖို့ အသဲအသန်ကြိုးစားနေတာတွေ့ရပါတယ်။

Photo : The Kokang

အခုလို ရက်ပိုင်းအတွင်း စစ်စခန်း ၇၀ ကျော်နဲ့ မြို့တွေကိုပါသိမ်းတယ်၊ တချို့မြို့တွေကိုတော့ အပြင်ကနေထိန်းချုပ်ထားနိုင်တယ်ဆိုတာကို ကြည့်ရင် အင်အားကြီးတဲ့ စစ်ရေးဖြစ်တယ်။ စစ်တပ်ဟာလည်း ဒီလောက်အချိန်တိုအတွင်း ယခုလိုကြီးကြီးမားမား ဆုံးရှုံးလိုက်ရတဲ့ဖြစ်စဥ်မျိုး မကြုံခဲ့ဖူးပါဘူး။ မင်းအောင်လှိုင်စစ်တပ်အနေနဲ့ ခုခံစစ်ကိုတောင် ကောင်းကောင်းမခံနိုင်တော့တဲ့ အနေအထားမျိုးနဲ့ ကြုံတွေ့နေရတယ်ဆိုတာ ၁၀၂၇ စစ်ဆင်ရေးဟာ သက်သေပြနေပါတယ်။

ဒါ့ကြောင့်လည်း နေပြည်တော်နဲ့အနီးဆုံးမှာရှိတဲ့ ကရင်နီပြည်ကို ထိန်းချုပ်ဖို့ စေလွှတ်ထားတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) နှင့် တပ်မ ၃၃ လက်အောက်ခံတပ်ရင်းများကို အမြန်ဆွဲထုတ်ပြီး ရှမ်းမြောက်ဆီ အပူတပြင်းနဲ့စစ်ကူစေလွှတ်ခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ သူအားကိုးတဲ့လေတပ်ကိုအသုံးပြုပြီးတော့ တိုက်ပွဲပြင်းထန်နေတဲ့ရှမ်းမြောက်ဒေသကို နေ့စဥ်ဗုံးကြဲတိုက်ခိုက်တာတွေ လေကြောင်းစစ်ဆင်တာတွေပြုလုပ်ပြီး နယ်မြေဆုံးရှုံးမှုတွေကိုကာကွယ်ဖို့ကြိုးစားနေပါတယ်။

ဒါပေမဲ့ ပြည်သူ့အစိုးရထံက အကြမ်းဖက် အာဏာသိမ်း လက်နက်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ကြိုးစားမှုတွေ၊ ပြင်ဆင်မှုတွေဟာ ယခုအချိန်မှာတော့ နောက်ကျသွားပြီလို့ ဆိုနိုင်ပါတယ်။ နှစ်ပေါင်းများစွာ လက်နက်အားကိုးနဲ့ ပြည်သူအပေါ်အနိုင်ကျင့် ဗိုလ်ကျခဲ့တာတွေ၊ လူနည်းစု တိုင်းရင်းသားတွေအပေါ် အမြတ်ထုတ်ခဲ့တာတွေနဲ့ ပြည်သူတွေကိုရက်ရက်စက်စက်ပြုမှုခဲ့တဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကြောင့်ပဲ စစ်တပ်ဟာ ပြည်သူ့ထောက်ခံမှု လုံးဝမရရှိတော့ပါဘူး။

Photo : The Kokang

စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့လည်း အခြေအနေက တော်တော်ဆိုးတဲ့အနေအထားဖြစ်နေပါပြီ၊ လော်ဘီအဖွဲ့တွေတောင် မင်းအောင်လှိုင်ကို ပြန်ဝေဖန်နေကြပါပြီ။ ရှေ့တန်းရောက်နေတဲ့ စစ်ကျွန်တွေကတော့ သေပေးနေကြရ၊ စခန်းကျကျ လက်နက်ကျကျ ပြေးနိုင်မှလွတ်မဲ့အနေအထားဖြစ်လို့ စခန်းကိုပစ် လက်နက်ကိုပစ် ပြေးနေကြရပါပြီ၊ မပြေးနိုင်လို့ အဖမ်းခံလိုက်ရပြီး ညီနောင်မဟာမိတ်တွေလက်တွင်းမှာ စစ်သုံ့ပန်းအဖြစ်​ ရောက်ရှိနေသူတွေရှိနေပြီ၊ တချို့ ပြည်သူ့စစ်တွေကတော့ ဘက်ပြောင်းပြီး စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းတဲ့တိုက်ပွဲတွေမှာတောင်ပါဝင်နေပြီဖြစ်ပါတယ်။

ဗမာစစ်တပ်အနေနဲ့ ဘယ်လောက်အင်အားကြီးတဲ့ စစ်တပ်တစ်ခုဖြစ်ပါစေ အခုချိန်မှာတော့ ပြည်သူတွေရဲ့ထောက်ခံမှု၊ ထောက်ပို့မှုမရှိတော့ပါဘူး။ အဲဒါကြောင့်ပဲ စစ်ကိုနိုင်အောင်တိုက်လို့ မရနိုင်ပါဘူး၊ တိုက်ပွဲတိုင်းမှာ သေ၊ ပြေး၊ အဖမ်းခံရတဲ့ စစ်ကောင်စီလက်အောက်ခံတွေ မနည်းတော့ပါဘူး။ ဒါကြောင့် ပြည်သူ့ထောက်ခံမှုမရရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဘက်ပေါင်းစုံက ထိုးနှက်မှုတွေကြောင့် အရှန်မြင့်လာဖို့ပဲ ရှိပါတယ်။ နွေဦးတော်လှန်ရေးအတွင်းစစ်ကောင်စီဟာ တဖြည်းဖြည်းနဲ့ လုံးပါးပါးရတော့မှာဖြစ်ပါတယ်။ ။

#RedNewsAgency

By Editor