မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

RNA_ဖားကန့်၊ အောက်တိုဘာ(၂၆)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအပိုင်း ဖားကန့်-လုံးခင်းသွားကားလမ်းမကြီးပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို KIA/KPDF ရဲဘော်များက ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်) ညပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြန်မာသူရကျောက်မျက်ကုမ္ပဏီ CEO ဦးကျော်သူရကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုများအား ချိပ်ပိတ်သိမ်းဆည်းခဲ့ချိန်မှစပြီး ဖားကန့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီရုံးချုပ်အတွင်း စစ်ကောင်စီ လက်အောက်ခံရဲနှင့်စစ်သားများ နေရာယူတပ်စွဲထားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ည KIA/KPDF များ ကုမ္ပဏီဝန်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သား ၂၀ ဝန်းကျင်ခန့် ရှိနေနိုင်ကြောင်း ဒေသခံများထံမှ သိရပြီး၊ တိုက်ခိုက်မှုအတွင်း လုံးခင်းရဲစခန်းမှ ကုမ္ပဏီဝန်းအတွင်း တာဝန်ကျနေသည့် ရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်သည်။

တိုက်ခိုက်မှုစတင်ချိန် တစ်ဆက်တည်း ဖားကန့်မြို့ ဧရိယာပါတ်ဝန်းကျင်အနှံ့ည (၁၀)နာရီဝန်းကျင်ခန့်မှ (၁၂) ထိုးချိန်ထိ လက်နက်ကြီး လက်နက်ငယ်သံများ အပြန်အလှန် ကြားနေရပြီး စစ်ကောင်စီ တပ်စွဲထားသော အခြားစခန်းကုန်းအချို့ကိုလည်း KIA/KPDF များက ရှောင်တခင်တိုက်ခိုက်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မြန်မာသူရကုမ္ပဏီအဆောင်အချို့ မီးလောင်ပျက်စီးနေပြီး လူသူမရှိသည့်အနေအထားတွင် ဒေသရေမဆေးသမားအချို့က ကုမ္ပဏီဝန်းအတွင်း ဝင်ရောက်ကာ ကျောက်များဝင်ရောက်ရှာဖွေနေသည်ကို တွေ့ရသည်။

“ရေမဆေးတွေ ဝင်ရှာတယ်ဆိုတာ လက်နက်ကိုင်တွေမရှိချိန် သောင်းကျောက် သိန်းကျောက်လေး ရလိုရငြားပါ၊ ထမင်းစားကျောက်ေခါ်မှာပေါ့၊ တန်ဖိုးကြီးကျောက်က အကုန်သိမ်းသွားလောက်ပြီ စစ်တပ်က၊ ဘယ်ရှိတော့မှာလဲ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ယခုလအတွင်း စစ်ကောင်စီတပ်နှင့် KIA/KPDF များ ဖားကန့်အမြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုကာ KIA စခန်းများကို တိုက်ခိုက်ခဲ့သည်။

#RedNewsAgency

By Editor