အောင်ဂျာစခန်းသိမ်းအောင်ပွဲ (သို့) တော်လှန်ရေးအင်အားစုများ၏ ညီညွှတ်မှုစွမ်းအား

“KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာ​စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ပါဝင်ပြီး KIA ဦး​ဆောင်သည့် မဟာမိတ်များနှင့် ရယူခဲ့သော အောင်ပွဲဖြစ်သည်။ ထိုစခန်းကို AA ၊ CNF ၊ ABSDF ၊ KNA-BURMA KPDF နှင့် PDF ရဲ​ဘော်များ ပူး​ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်”

ငြိမ်းမောင်

စစ်အာဏာရှင်စနစ်အား အမြစ်အပြတ်ချေမှုန်းပြီး ပင်လုံကတိဝတ်ကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ယူရမည်ဟူ၍ စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းကာ ကြိုးစားအားထုတ်နေကြောင်း ယနေ့ကျရောက်သည့် KIO  ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကအသိပေး ပြောကြားလိုက်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ကျရောက်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ယင်းအခမ်းအနား မိန့်ခွန်းတွင် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အထွေထွေအကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ယခုကဲ့သို့ ဖြစ်ပေါ်လာမှုသည် နိုင်ငံပျက်စီးရာသို့ ဦးတည်လာနေသည်ကို တွေ့မြင်လာရကြောင်း၊ စစ်ကောင်စီသည် ပြည်သူကို ရန်သူလို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေသည့်အတွက် ပြည်သူအမြောက်အများ စစ်ဘေးရှောင် ဆင်းရဲဒုက္ခရောက်နေရသည်ကို ကမ္ဘာသိအောင် ထင်ထင်ရှားရှား ဖြစ်ပေါ်နေပြီဟုလည်း ပြောကြားခဲ့သည်။

KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၃) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။ NUGက ပေးပို့သည့် သဝဏ်လွှာတွင် ပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ကချင်အမျိုးသားခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်အား အမြစ်အပြတ်ချေမှုန်းရေးအတွက်  စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းများ အားလုံးနှင့် KIO က ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောဆိုမှုနှင့် NUG ကလည်း KIO) မှ ကချင်အမျိုးသားခေါင်းဆောင်ကြီးများ၊ အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေထုတ်ဖော်ပြောဆိုခြင်းတို့သည် တော်လှန်ရေးအင်အားစုကြား ဘယ်လိုပင် သွေးခွဲဖို့ ကြိုးစားနေပါစေ ပန်းတိုင်ကတစ်ခုတည်းဖြစ်ကြောင်း ထပ်မံပြသလိုက်ခြင်းပင်ဖြစ်သည်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က  တော်လှန်ရေးအင်အားစုများအကြား သွေးခွဲစေရေးနှင့် စည်းလုံးမှုမရှိစေရန် ချိနဲ့ အားနည်းစေရန် နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေသည်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများကြား၊ အဖွဲ့အစည်းအချင်းချင်းကြား သွေးခွဲမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီ၏ ထိုအကြံအစည်များကို သိနေကြ၍လည်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား ပို၍ ပို၍ သွေးစည်းညီညွှတ်နေကြပြီဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း တိုင်းရင်းသား မဟာမိတ်အဖွဲ့များအကြား စစ်ရေးအရ ပူးပေါင်းဆောက်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်၊ နိုင်ငံရေးအရလည်း ပိုမိုပေါင်း စည်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေသည်ကိုတွေ့မြင်နေရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် စစ်ကောင်စီ၏ အောင်ဂျာစခန်း (လဲလုံစခန်း)ကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာ​စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ပါဝင်ပြီး KIA ဦး​ဆောင်သည့် မဟာမိတ်များနှင့် ရယူခဲ့သော အောင်ပွဲဖြစ်သည်။ ထိုစခန်းကို AA ၊ CNF ၊ ABSDF ၊ KNA-BURMA KPDF နှင့် PDF ရဲ​ဘော်များ ပူး​ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းသိမ်းအောင်ပွဲသည် တော်လှန်​ရေး အဖွဲ့အစည်း​များ၏ ဌာနချုပ်​များကို ခြိမ်း​ခြောက်လိုသော စစ်​ကောင်စီ၏ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်သည့် အောင်ပွဲဖြစ်ပြီး တော်လှန်​ရေးထု အင်အားနှင့် ဆင်နွှဲသည့် မဟာဗျူဟာ ထိုးစစ်၏ ကနဦး​ခြေလှမ်းလည်း ဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောဆိုခဲ့သည်။

အောင်ဂျာ စခန်းသိမ်း တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ရာ​ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး PDF တပ်ရင်း တစ်ရင်းစာ တပ်ဆင်နိုင်သည့် လက်နက်များ သိမ်းဆည်းရရှိထား​ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောဆိုထားသည်။ ထိုနေ့က ကျားတက်ထိုးပြီး ဝင်​ရောက် သိမ်းယူခဲ့သည့်  PDF ရဲ​ဘော်များ၏ ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်​ဒေသမှူး ဗိုလ်ချုပ်ကြီး​ ခေါင်လွန်းက ချီးကျူး​ထားသည်။

အလားတူ အောက်တိုဘာလ ၂၃ ရက်နေ့တွင် KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က KIA သိမ်းပိုက်ထားသော  အောင်ဂျာ စစ်တပ်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး ရှေ့တန်းရဲဘော်များကို အားပေးခဲ့မှု သတင်းမှတ်တမ်းဓာတ်ပုံများကလည်း တော်လှန်ရေးအင်အားစုအသီးသီးအတွက် တော်လှန်ရေးကို ထောက်ခံဝန်းရံ ပါဝင်ကူညီနေကြသည့် ပြည်သူလူထုအတွက် စိတ်ဓာတ်ခွန်အားများစွာ ရစေခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကြား၊ တော်လှန်ရေးအင်အားစု တပ်ဖွဲ့အသီးသီးကြား မည်သို့ပင်သွေးခွဲနေပါစေ အားလုံး၏ ပန်းတိုင်သည် စစ်အာဏာရှင်စနစ်အား အမြစ်အပြတ်ချေမှုန်းရေးပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ သိမြင်တုန်လှုပ်သွားစေခဲ့သည်မှာ မလွဲပင်ဖြစ်သည်။ ။

#RedNewsAgency

By Editor