TNLAနှင့် မန္တလေး PDF ပူးပေါင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၈၀ ဦး ကျဆုံး

RNA_စက်တင်ဘာ(၁၂)၊၂၀၂၃ ခုနှစ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ပူးပေါင်းကာ ဇူလိုင်လမှ စတင်သည့် “ကနောင် စစ်ဆင်ရေး” တွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၂) ဦးအပါအဝင် ၈၀ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ကနောင်စစ်ဆင်ရေးမှ ကနဦး သတင်းအချက်အလက်အချို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ပြည်သူများကို တင်ပြသည့် အစီရင်ခံစာတွင် ဗိုလ်ကြီး (၂) ဦး၊ စစ်ကြောင်းမှူး (၁) ဦး၊ ဒုစစ်ကြောင်းမှူး (၁) ဦး၊ တပ်သား (၇၆) ဦး မျက်မြင်အတည်ပြုထားနိုင်ပြီး မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း၊ ယခု စစ်ဆင်ရေး တိုက်ပွဲများအတွင်း မန္တလေး PDF ရဲဘော် (၂) ဦး ကျဆုံးခဲ့ရပြီး (၁၀) ဦးဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

“ကနောင်စစ်ဆင်ရေး ”၏ ပထမဦးဆုံးအဖွင့်ကို ဇူလိုင်လ (၁၅) ရက်နေ့က မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ် (၁၀၁၄) အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၄င်းအင်းကြင်းမြိုင်တပ်၏ ကာကင်းစခန်းတစ်ခုအား ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ သြဂုတ်လ (၄) ရက်နေ့က နောင်ချိုအနီးတစ်နေရာတွင် စစ်ကောင်စီယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ခြင်း၊ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းပေါ်ရှိ တောင်နီကျေးရွာအနီး တာဝါတိုင်ကုန်းရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခဲ့ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor