“လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်အတွင်း စစ်ကောင်စီဟာသူတို့ကိုယ်တိုင် လမ်းတွေဖျက်တာအပြင်၊ စခန်းမကျအောင် အခိုင်အမာတည်ဆောက်နေရတဲ့အနေအထားပဲဖြစ်တယ်။ယခု နွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးအပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ အခြားသော အင်အားစုတွေကလည်း တော်လှန်ရေးမှာ စုစည်းပါဝင် ဆောင်ရွက်နေကြတယ်”
မောင်ဝိ
၂၀၂၁ ခုနှစ် အာဏာစသိမ်းပြီဆို ကတည်းက လက်နက်အားကိုးအာဏာလုတဲ့စစ်တပ်က တပ်တွေထဲမှာ အရံအတားတွေ စပြီး လုပ်လာကြတယ်။ လူနဲ့ လက်နက်အင်အားအသုံးပြုပြီး လုံခြုံရေးတွေ ပိုချလာသလို၊ တပ်ပတ်ဝန်းကျင်မှာ ပြင်ပကနေ ခိုးဝင်မှာစိုးလို့ ခြံစည်းရိုးအစပ်နားတွေကို ဇီးဆူးတွေ၊ သံဆူးကြိုးတွေ အခိုင်အမာလုပ်လာကြတယ်။ အာဏာသိမ်းခါစဆိုပေမယ့် နောက်ဆက်တွဲကြုံလာရမယ့် ကိစ္စတွေကို စစ်တပ်ကလည်းသိပုံပေါ်ပါတယ်။
အခုလက်ရှိ ၂၀၂၃ ကာလမှာ စစ်တပ်က တပ်ပတ်ဝန်းကျင်တွေကို တူးမြောင်းတွေ၊ ကတုတ်ကျင်းတွေကိုပေါ်ပေါ်ထင်ထင်ပဲ ထပ်လုပ်ကြတယ်။အသိသာဆုံးဥပမာပေးရရင် ၂၀၂၃ ခုနှစ်၊ မေလ ထဲမှာပဲ၊ ကရင်ပြည်နယ် ကော့ကရိတ်ကနေ ကြာအင်းဆိပ်ကြီးကို ဆက်သွယ်တဲ့ ကမိုင်ကုန်းနဲ့ တောင်ကြာအင်း လမ်းမကြီးနှစ်ခုကို စစ်ကောင်စီတပ်က ဖျက်ဆီးပစ်လိုက်တယ်။ နောက်ထပ်လည်း ဩဂုတ် ၉ ရက်မှာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာ အနောက်ဘက် ကျစ်ပြင်ရွာကိုသွားတဲ့ လမ်းနဲ့ ကုန်းရွာ မြောက်ဘက် ငါးချဉ်ချောင်းရွာကိုသွားတဲ့ လမ်းတွေကို စစ်တပ်က လာရောက်ဖျက်ဆီးသွားတယ်လို့ သိရတယ်။
ဆက်လက်ပြီးစက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ ကင်မွန်းခြုံ ရွာထိပ်က ဖြူး-ဘန်းလောင် လမ်းပိုင်းကို ဖြူးမြို့ပေါ်မှ စစ်သားများနဲ့ ရဲများက ဘူဒိုဇာဖြင့် လာရောက်ဖျက်ဆီးသွားခဲ့ပြီး၊အဲ့ဒီလမ်းပိုင်းဟာ ဖြူးမြို့နဲ့ ၂ မိုင်ခန့်ပဲကွာဝေးပါတယ်။ ဒီလိုလုပ်ရခြင်းကလည်း ဖြူးမြို့ပေါ်က စစ်တပ်စခန်းတွေလာရောက်တိုက်ခိုက်ခံရမှာစိုးတဲ့အတွက်ကြောင့်လို့ သိရတယ်။
သံသရာ တပတ်လည်တယ်လို့ဆိုရမလားပါပဲ၊ စစ်တပ်အာဏာသိမ်းခါစအချိန်က ပြည်သူအများစုက စစ်အာဏာသိမ်းမှုကို လက်မခံလို့ဆန္ဒတွေပြကြတယ်၊ နည်းလမ်းမျိုးစုံနဲ့ဆန်ကျင့်ကြတယ်။ ဆန္ဒပြမှုကို စစ်တပ်နဲ့ရဲတွေက ကျည်အစစ်နဲ့စတင် ဖြိုခွင်းပစ်ခတ်ချိန်မှာတော့၊ လူငယ်တွေဟာ သဲအိတ်တွေ၊ အရံအတားတွေစပြီးလုပ်လာကြတယ်၊ နောက်ဆုံးလက်နက်မဲ့နဲ့ လက်နက်ကိုင်လူတစု မယှဥ်နိုင်တဲ့အချိန်မှာ အမှန်တရားအတွက်လူငယ်တွေ လက်နက်ကိုင်တိုက်ပွဲဝင်ကြရတယ်။
လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်အတွင်း စစ်ကောင်စီဟာသူတို့ကိုယ်တိုင် လမ်းတွေဖျက်တာအပြင်၊ စခန်းမကျအောင် အခိုင်အမာတည်ဆောက်နေရတဲ့အနေအထားပဲဖြစ်တယ်။ယခု နွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးအပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ အခြားသော အင်အားစုတွေကလည်း တော်လှန်ရေးမှာ စုစည်းပါဝင် ဆောင်ရွက်နေကြတယ်။ ဒါ့အပြင် စစ်တပ်ကို သမရိုးကျနည်းရော၊ ပျောက်ကျားနည်းပါအသုံးပြုပြီးတိုက်ခိုက်တဲ့အတွက် စစ်တပ်ဟာ အထိအခိုက်၊အကျအဆုံးများပြားနေခြင်းပဲဖြစ်တယ်။
ပြည်သူ့ခုခံတော်လှန်စစ် ၂နှစ်အတွင်း စစ်ကောင်စီတပ်စခန်းများအပြင် စစ်ဘက်သုံးတိုက်ခိုက်ရေးယာဉ်တွေကိုပါ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၂နှစ်ပြည့်အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ ဆက်စပ်ခဲယမ်း မီးကျောက်ပစ္စည်းတွေကို ထုနဲ့ထည်နဲ့သိမ်းပိုက်ရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးတိုက်ပွဲမှာဆိုရင် စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်တစ်စီး၊ ကရင်နီပြည်နယ် မယ်စဲ့တိုက်ပွဲတွင် K-8 W တိုက်လေယာဉ်တစ်စီးနဲ့ ချင်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ စစ်ကောင်စီလက်အောက်ခံတပ်ရင်းများနဲ့တိုက်ပွဲတွင် စစ်ကောင်စီရဲ့ EE-9 Cascavel သံချပ်ကာယာဉ် ၂စီးကိုပါ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင်ခုခံတွန်းလှန်စစ်ဆင်နွှဲတဲ့ ပထမနှစ်မှာ စစ်ကောင်စီ တပ်စခန်း(၂၈)ခုသာဆင်နွှဲနိုင်ခဲ့ပေမယ့်လည်း၊ ဒုတိယနှစ်မှာတော့ စခန်းပေါင်း (၁၀၇) ခုထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၃ဆကျော်မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်ပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်တို့တွင် စစ်ဆင်ရေးတိုက်ခိုက်မှုအကြိမ်(၇၀)ပြုလုပ်နိုင်ခဲ့ပြီး ထိုထဲမှ (၆၅)ခုမှာ ၂၄ နာရီ အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါတွေဟာ လက်ရှိ ခုခံတော်လှန်စစ် ၂နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို အနှစ်ချုပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေပဲဖြစ်တယ်။
တဖက်မှာလည်း စစ်ကောင်စီအသုံးပြုနေတဲ့ တိုက်ခိုက်မှုတွေအရ နေရာတစ်နေရာကို ဝင်ရောက်လိုပြီဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ အပြင်းအထန် ပြုလုပ်တယ်။ ပြီးတော့မှ မြေပြင်စစ်ကြောင်း စေလွှတ်ပါတယ်။စစ်တပ်အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ယာယီ အခြေစိုက် စခန်းနေရာ တချို့နဲ့၊ PDF အဖွဲ့တွေရဲ့ တပ်စခန်း နေရာတချို့ကို ဝင်သိမ်းတာမျိုး၊ လူနေရပ်ရွာတွေကို မီးတင်ရှို့တာမျိုးတွေ ကိုစဉ်ဆက်မပျက်လုပ်နေခဲ့တယ်။ ဒါပေမယ့် နယ်မြေ စိုးမိုးမှု ရေရှည် တည်တံ့ နေအောင် ထိန်းချုပ်ထားနိုင်စွမ်း မရှိပါဘူး။
အခုနှစ်အစပိုင်းကဆိုရင် ချင်းပြည်နယ်ကို ဝင်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကို ဒေသခံ CNF၊ CDF ပူးပေါင်းတပ်တွေက အပိုင်းလိုက် အပိုင်းလိုက် အကြိမ်ကြိမ် တိုက်ခိုက်ပြီး ချေမှုန်း ပစ်နိုင်ခဲ့ပါတယ်။ စစ်တပ်အနေနဲ့လက်နက်ကြီး အင်အား ရှိတယ် ဆိုပေမယ့် တကယ်တမ်း ထိထိရောက်ရောက် အသုံးချနိုင်ဖို့ရာ ဖြန့်ကျက် နေရာချနိုင်စွမ်း မရှိ ဖြစ်နေပါတယ်။ အဓိကက တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပါတယ်။ ချင်းတောင်တန်း၊ KIA အခြေစိုက်ရာကချင်ပြည်နယ်၊ ကိုးကန့်တပ် MNDAA နဲ့ တအာင်းပလောင်တပ် TNLA တို့နဲ့ ရင်ဆိုင်ရတဲ့ ရှမ်း ကုန်းပြင်မြင့် ဒေသတွေမှာ ဖြစ်စေ၊ ကရင်နီနဲ့ ကရင်ထဲက နေရာတွေမှာ ဖြစ်စေ စစ်ကောင်စီအနေနဲ့ လက်နက်ကြီးတွေကို ဗျုဟာမြောက် နေရာ ချထားနိုင်ရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဒါကလည်း စစ်တပ်ကို ထိခိုက်ကျဆုံးစေတဲ့ အချက်ပါ။
ဒီနေရာမှာ စစ်ကောင်စီကကြောက်တဲ့ နောက်ထပ် အချက်တခုရှိတယ်။ ဒါက COC လို့ခေါ်တဲ့ Chain of Command ပဲဖြစ်တယ်။ တော်လှန်ရေးအဖွဲ့တွေအကုန် အုပ်ချုပ်သူ အမိန့်ပေးသူတခုအောက်ထဲဝင်ဖို့ မဖြစ်နိုင်သေးပေမယ့်၊ အကွက်ချပြီးတော့ ချက်ကျကျ ဆောင်ရွက်နိုင်ရင်ကို စစ်တပ်ဘက်က အထိနာေနတာပါ။စစ်တပ်ကိုယ်တိုင်ကလဲ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးနည်းနဲ့ တိုက်နိုင်ဖို့မလွယ်ပါဘူး။ ပုံမှန်အခြေအနေတောင် အထိနာနေတာ၊ တော်လှန်ရေးအင်အားစုတခုလုံး အမိန့်တခုတည်းအောက်မှာ ညီညီညွတ်ညွတ် ဖြစ်သွားမှာ စစ်တပ်ကအကြောက်ဆုံးပဲဖြစ်တယ်။ ဒါ့ကြောင့် စစ်တပ်ဟာ အခုထက်ပိုအထိနာသက်သာအောင် စစ်ရေးနည်းအရ ခံစစ်ပြင်နေသလို၊ တဖက်ကလည်းနိုင်ငံရေးနည်းလမ်းနဲ့ ထွက်ပေါက်ပြင်ဆင်နေခြင်းပဲဖြစ်တယ်။
ဆိုလိုချင်တာကတော့ နှစ်ပေါင်း ၇၀ ကျော် ပြည်သူတွေအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်လာတဲ့ စစ်တပ်ဟာ လက်ရှိမှာ သူတို့အတွက် ထွက်ပေါက်ကပိတ်နေပါပြီ။ နိုင်ငံတကာကရော၊ ပြည်သူလူထုက လက်မခံတဲ့အတွက် နောက်ဆုံးသူတို့လုံခြုံရေးအတွက် နည်းမျိုးစုံလုပ်ဆောင်နေခြင်းပဲဖြစ်တယ်။ ဒီလိုမျိုး ကတုတ်ကျင်းတူးတာ၊ လမ်းတွေဖျက်တာဟာ စစ်တပ်ရဲ့ ချိနဲ့နေတဲ့အင်အားကိုပြသရာရောက်ပြီး၊ စစ်တပ်အတွက် အဆုံးအဖြတ်ကာလတွေဟာ မကြာခင်ရောက်လာတော့မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။ ။
Red News Agency