ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။ 

ကရင်နီပြည်နယ်အတိုင်ပင်ကောင်စီနှင့် ကြားကာလ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ကရင်နီပြည်ရဲဌာန ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဖြင့် ယနေ့တွင် အကျဉ်းသား (၃၈) ဦးကို ပြစ်ဒဏ်လျော့ပေ့ါကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။ 

ကရင်နီပြည်ရဲဌာနကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ၂ နှစ်ပြည့်ချိန်တွင် ခိုးမှု၊ မူးယစ်ဆေးမှုအပါအဝင် အမှု (၃၆၂) မှုကိုအရေးယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် နမ်းနိမ်းကျေးရွာဘုန်းကြီးကျောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ မီဒီယာများသို့ ချပြခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း (၂) နှစ်ပြည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်နီပြည်ရဲဌာနတွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအောက်၌ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဝန်ဆောင်မှုများပေးရာတွင် လိုက်နာကျင့်သုံးနိုင်ရန် ရေးဆွဲပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများအပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကိုလည်း လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်ရဲဌာန ပြည်သူ့ရေးရာဝန်ဆောင်မှုအနေဖြင့် ကရင်နီပြည် စိုးမိုးနယ်မြေများအတွင်း ရဲစခန်း (၈) ခုဖွင့်လှစ်ထားကြောင်း၊ လုံခြုံရေးရဲကင်း (၄) ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အခြားဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် အခြားအမှုများကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

Red News Agency

By Editor