စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

“ဘဏ်စနစ်အကြောင်း၊ ငွေရေးကြေးရေး စနစ်အကြောင်း စျေးကွက်သဘောတရား ဘာတစ်ခုမှနားမလည်ပဲ  စစ်ကောင်စီဟာ ဒေါ်လာကို ထိန်းချုပ်ဖို့ လုပ်လာခဲ့တယ်။ ရလဒ်က စျေးကွက် ကမောက်ကမဖြစ်ပြီး စာတွေ ခဏခဏထုတ် မူဝါဒအမျိုးမျိုး ပြောင်းနေရတဲ့အထိ ဖြစ်ခဲ့ရတယ်”

ငြိမ်းမောင်

၂ သောင်းတန် ထုတ်တယ်၊ ငွေကြေးမဖောင်းပွပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောခဲ့တယ်။ အောက်ခြေမြေပြင် အခြေအနေအမှန်ကို မသိ၊ လုပ်ချင်သလိုလုပ် ပျက်ချင်သလို ပျက်နေတဲ့ စစ်ကောင်စီလက်ထက် အရာအားလုံးဟာ ပျက်စီးမှုဆီ ဦးတည်နေခဲ့ပါပြီ။ လက်နက် ကိုင်အကြမ်းဖက်ဆီကလာတဲ့ စကားလုံးတွေဟာ ယုံကြည်စရာတစ်ကွက်မှ မရှိခဲ့တာကြာပါပြီ။ အလိမ်အညာတွေနဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အလုပ်ပဲ လုပ်တတ်တော့ ပြည်သူက အယုံကြည်မရှိခဲ့တာကြာခဲ့ပါပြီ။

အကြမ်းဖက်အာဏာစလုကတည်းက စစ်ကောင်စီလက်ထက်မှာ ဒီနေ့အထိ မြန်မာကျပ်ငွေဟာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးတွေ ဇောက်ထိုးဆင်းလာခဲ့တာပါ။ ဒီအခြေအနေရောက်နေတာတောင် လိုအပ်ရင် ငွေစက္ကူ အသစ်ရိုက်ထုတ်ဖို့ စိတ်ကူးခဲ့တဲ့ ဥာဏ်ရည်နည်းပါးမှုကို ဖော်ပြနေတာပါ။ ငွေစက္ကူအသစ်ထုတ်မယ်အသံကြားကတည်းက တက်လိုက်တဲ့ ကုန်စျေးနှုန်းတွေဟာ ဘယ်ခေတ်အခါမှ မကြားဖူးခဲ့တဲ့ ကုန်စျေးနှုန်းတွေပါ။ ဆန်စျေး ဆီစျေး ဟင်းသီးဟင်းရွက်စျေး၊ ကားခနှုန်းထားတွေ အကုန်လိုက်တက်ပါတယ်။

 

သြဂုတ် ၆ ရက်နေ့မှာ ဒေါ်လာစျေးဟာ ၃၃၀၀ ကျော်နေပါပြီ။ ရွှေစျေးဟာ ၃၅သိန်းကျော်နေပါပြီ၊ စက်သုံးဆီစျေးဟာ တစ်လီတာစျေးနှုန်း  92 တစ်လီတာကို ၂၁၇၅ ၊ 95 တစ်လီတာကို ၂၂၈၅ ကျပ်ဖြစ်နေပါပြီ။ ဒေါ်လာစျေးတက်တာနဲ့အမျှ ကန်ဇွန်းရွက်စျေးကအစ လိုက်တက်နေတာကို ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖွဲ့လည်း ဘာမှထူးမလာဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ နိုင်ငံတခုကို တည်ငြိမ်အောင် ဘာမှထိန်းမရပါဘူး။ အားလုံးတည်ငြိမ်စေချင်တယ်ဆိုရင် အားလုံးလိုချင်တဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို အရင်ဆုံးပေးလိုက်ပါ။ စစ်ရာဇဝတ်ကျူးလွန်ထားသူတွေ အပြစ်ခံလိုက်ပါ။

ဒေါ်လာစျေးတက်ရင် ကုန်စျေးနှုန်းတက်တယ်။ စက်သုံးဆီစျေး မြင့်တက်လာရင် အခြေခံစားကုန် သောက်ကုန်တွေ တစ်စတစ်စ မြင့်တက်လာတယ်။ ပြည်သူလူထုရဲ့ နေ့စဥ် ဘဝတွေ သွားလာနေထိုင်စားသောက်မှုတွေကလည်း စိတ်ဓာတ်ကျစရာကောင်းလောက်အောင် အကျပ်အတည်း ဆိုက်ရောက်နေပါတယ်။ဒေါ်လာစျေးနှုန်းတွေဟာလည်း နေ့စဉ် ရက်ဆက် အတက်ဘက် ၊အမြင့်ဘက်ကို ဦးတည်ခဲ့တာကလည်း ဒီနေ့အထိပါပဲ။ အလုပ်အကိုင်ရှားပါးမှုတွေကိုလည်း အားလုံးခံနေကြရတာဖြစ်ပါတယ်။ ဝင်ငွေသာမရှိကြပေမဲ့ ကုန်ငွေမှာတော့ အတားအဆီးမရှိပါပဲ။

ပြည်သူအပေါ် စေတနာမရှိလို့ ကိုဗစ်ကပ်ဘေးကာလမှာတောင် အာဏာရူးပြီး အာဏာလုခဲ့တဲ့ စစ်ကောင်စီဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လူတစ်စုကောင်းစားဖို့ ကိုယ်ကျိုးစီးပွားအတွက်ပဲ ကြည့်မှာပါ။ ဒါကြောင့်လည်း ဘာကိုမှ ထည့်မတွက်၊ လက်နက်ကိုင်အင်အားသုံးပြီး ပြည်သူကို အုပ်ချုပ်မယ်။ လက်နက်ကိုင် အကြမ်းဖက်လူသတ် ပြည်သူနေအိမ် စည်းစိမ်တွေကိုဖျက်ဆီးပြီး ဒုက္ခနွံထဲကို ဆွဲနစ်မယ်ဆိုတဲ့ ယုတ်မာကောက်ကျစ်တဲ့ စိတ်ဓာတ်မျိုးပဲ သူတို့မှာရှိနေတာ မပြောင်းလဲတဲ့ အမှန်တရားပါ။

တိုင်းပြည်မှာ လက်နက်ကိုင်ဗိုလ်ကျစိုးမိုးဖို့ပဲသိတဲ့ စစ်တပ်ဟာ ကောက်ကျစ်နည်းမျိုးစုံသုံးမယ်။ လက်နက်ရှိတာကြောင့် လက်နက်နဲ့ အုပ်ချုပ်မယ်၊ လက်နက်ပြပြီး စာထုတ်ညွှန်ကြားမယ်။ လက်နက်ပြပြီး ဟိုစျေးနှုန်း ဒီစျေးနှုန်းကို ထိန်းချုပ်ပြမယ်ဆိုတဲ့ အသိလောက်နဲ့ပဲ လုပ်နေတာဖြစ်တယ်။ တကယ့် တကယ်က သူတို့မှာ စီးပွားရေးနားမလည် စီးပွားရေး အမြင်မရှိပေ။ တကယ်တော့ စစ်တပ်ဟာ စစ်တပ်အလုပ်မလုပ်လို့ အားလုံးပျက်သုဉ်းနေရတာဖြစ်တယ်။ ကိုယ့်အလုပ်ကိုယ်လုပ်နေရင် နိုင်ငံဟာ ဆိုးရွားတဲ့ကာလတွေကို ကျော်ဖြတ်ဖို့ ကြိုးစားနေကြတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက် စစ်ကောင်စီ လက်ထက် တိုင်းပြည် စီးပွားရေးဟာအဖတ်ဆည်လို့မရအောင် ဖြစ်သွားခဲ့တာပါ။

ဘဏ်စနစ်အကြောင်း၊ ငွေရေးကြေးရေး စနစ်အကြောင်း စျေးကွက်သဘောတရား ဘာတစ်ခုမှနားမလည်ပဲ  စစ်ကောင်စီဟာ ဒေါ်လာကို ထိန်းချုပ်ဖို့ လုပ်လာခဲ့တယ်။ ရလဒ်က စျေးကွက် ကမောက်ကမဖြစ်ပြီး စာတွေ ခဏခဏထုတ် မူဝါဒအမျိုးမျိုး ပြောင်းနေရတဲ့အထိ ဖြစ်ခဲ့ရတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာသိမ်းကတည်းက ဒီကနေ့အထိ ဘာတခုကိုမှ ဖြစ်မြောက်အောင်လည်းမလုပ်နိုင်ပါဘူး။ အာဏာသိမ်းကတည်းက လက်နက်ကိုင်အကြမ်းဖက် ပြည်သူတွေကို နေ့စဉ်သတ်ဖြတ် နေအိမ်တွေ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးဖို့လောက်သာ တက်ကြတာဖြစ်တယ်။

အကြမ်းဖက် စစ်ကောင်စီက အခြေခံစားသောက်ကုန် ဈေးနှုန်းတွေအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီကို သြဂုတ်၂ရက်နေ့က ဖွဲ့ခဲ့တယ်။ အခြေခံစားကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ စားသုံးဆီနဲ့ မီးဖိုချောင်သုံး ကုန်ပစ္စည်းဈေးနှုန်းတွေ တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ ဆိုတယ်။ အဲဒီအထဲမှာ ပြည်သူတွေရဲ့ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုပြီးတော့ လုပ်မှာလို့ ဆိုထားပါတယ်။

ပြည်သူလူထုက စစ်ကောင်စီဆီက ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ ပြည်သူတွေရဲ့ အနာဂတ်ကို အကြမ်းဖက် စစ်ကောင်စီ ဖျက်ဆီးခဲ့ပြီးပြီ၊ ပြည်သူတွေရဲ့ ဘဝတွေ၊ အသက်တွေ အိပ်မက်တွေ ဖျက်ဆီးခံခဲ့ရပြီးပြီ။ ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တဲ့ အကြမ်းဖက် မီးရှို့တပ်က ပြည်သူတွေအတွက် ရှေ့ရူမယ်ဆိုတာက ရှက်စကားကောင်းတဲ့ စကားလုံးတွေပဲ ဖြစ်တယ်၊ ပြည်သူက နားဝင်မယ်ထင်လား စစ်ကော်စီ။

စစ်ကောင်စီလက်ထက် ငွေစက္ကူတွေဟာ တစ်နေ့တစ်ခြား တန်ဖိုးလျော့ကျလာခဲ့သော်လည်း ဘဏ်တွေအပေါ် လူတွေက အယုံအကြည်မရှိကြတော့ ဘဏ်မှာငွေအပ်ဖို့ထက် ရင်းနှီးမြှပ်နှံထားတဲ့ဘက်ကိုပဲ လူတွေက အားထားလာကြတယ်။ မြေကိုင်မလား၊ ရွှေကိုင်မလား၊ ကားကိုင်မလား တွက်ချေအမျိုးမျိုးနဲ့ မြေတွေ ဝယ်ထားခဲ့ကြတယ်။ ရွှေတွေဝယ်စုခဲ့ကြတယ်။ ကားဝယ်ကြတာမျိုးအထိ ရှိလာခဲ့ကြတယ်။

အထက်ကပြောခဲ့သလို ငွေတန်းဖိုးက ကျဆင်းနေတာနဲ့အတူ ဒေါ်လာစျေး၊ စက်သုံး ဆီစျေးမထိန်းချုပ်နိုင်မှတော့ ဘာစျေးနှုန်းမှ အကြမ်းဖက်စစ်ကောင်စီ မထိန်းနိုင်တော့၊ ကားစျေးကွက်ဟာ စျေးတွေ
ကမောက်ကမ ဖြစ်နေပါပြီ။ ရွှေဆိုင်တွေဟာ အရောင်းပိတ်ထားရတဲ့အထိ ဖြစ်နေပါပြီ။ အိမ်ခြံမြေ စျေးတွေလည်း တက်ရိပ်ပြနေသလို စျေးကွက်အားလုံးဟာ စျေးတွေ အဆမတန် မြင့်နေပြီး ကမောက်ကမဖြစ်နေပါပြီ။

တိုင်းပြည် စီးပွားရေး ဖရိုဖရဲ ဖြစ်နေပြီး ပြည်သူတွေ ကုန်စျေးနှုန်းတွေကြီးပြီး အငတ်ဘေး ဆိုက်ရောက်နေချိန်မှာ အကြမ်းဖက် စစ်ကောင်စီဟာ ၆လ ထပ်တိုးလိုက် ဟိုအဖွဲ့ ဒီအဖွဲ့ ပြင်လိုက် လုပ်နေတာ တကယ်တမ်းကျတော့ ဒါတွေက ဟန်ပြတွေပဲ ဖြစ်ပါတယ်။ အဓိက ကတော့ စီးပွားရေး နားမလည် ဘာမှ မလုပ်တတ်မကိုင်တတ် စီမံခန့်ခွဲမှုမတတ်ပဲ စီးပွားရေးပိတ်ဆို့တာ သူတို့မှုနေရပြီဆိုတာ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ အိပ်ထဲထည့်မယ်၊ လိမ်မယ်ညာမှာ ခိုးမယ်ဝှက်မယ်ကလွဲပြီး ဘာမှမသိတဲ့သူတွေ ပါဝင်နေတဲ့အတွက်အခုအချိန်မှာ စီးပွားရေးကမောက်ကမကြား ဗျာများနေရပါပြီ။

နိုင်ငံကို တည်ငြိမ်အောင်ပဲ ဦးစားပေးထိန်းရမလား၊ ဒေါ်လာပဲ ထိန်းချုပ်ထားရမလား၊ ကုန်စျေးနှုန်းကြီးပဲ ပြေးထိန်းရလေတော့မလား ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ လုပ်နိုင်တဲ့ ဆောင်ရွက်နိုင်တဲ့ အရည်အချင်းကလည်း မရှိပြန်၊ အဆမတန်မြင့်တက်လာတဲ့ ကုန်စျေးနှုန်း ဂယက်ကြားမှာ ကုန်စျေးနှုန်လည်း မထိန်းနိုင် ဒေါ်လာစျေးလည်း မထိန်းချုပ်နိုင်ပဲ တိုင်းပြည်ကို မစီမံ မခန့်ခွဲနိုင်ဘဲ အရည်အချင်း မရှိတဲ့ လက်နက်ကိုင် အကြမ်းဖက် အာဏာလု စစ်ကောင်စီ အဖြစ်နဲ့သာပဲ ရှိနေပါတော့တယ်။ ။

Red News Agency

By Editor