ဟင်နရီဗန်ထီးယူ စစ်အုပ်စုနှင့် ပူးပေါင်းနေသည့်အတွက် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်

RNA_ဩဂုတ်(၉)၊၂၀၂၃ ခုနှစ်။

၂၀၁၆- ၂၀၂၁ လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သည့် ဒုသမ္မတ ဖြစ်ခဲ့သည့် ဟင်နရီဗန်ထီးယူသည် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့က ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် NLD ပါတီမှထုတ်ပယ်လိုက်ကြောင်း သိရသည်။

“၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်” ဟု ဩဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ယနေ့ ထုတ်ပြန်ကြေညာထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဥ်းထောင်တွင်း ကျဆုံးခဲ့ရပြီး၊ ဥက္ကဌ နှင့် ဒုဥက္ကဌများအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦးတို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ ပါတီဝင်များလည်း အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor