ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

RNA_ဩဂုတ်(၄)၊ ၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ ပ.က.ဖ နှင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပ.လ.ဖ တို့သည် ယခုရက်ပိုင်း ဒေသခံပြည်သူတချို့နှင့် NUG လက်အောက်ခံမဟုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပ.လ.ဖ အဖွဲ့ဝင် အချုပ်ခန်းစောင့် (အစမ်းခန့်) ၈ ဦး သည် ခိုးမှုဖြင့် အချုပ်ကျနေသော အမျိုးသမီးတဦးအား အတင်းအဓမ္မပြုကျင့်ခဲ့မှု ၂၀၂၃ ခုနှစ် ဧပြီလနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျူးလွန်ခဲ့သူ (၈) ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကြေညာထားသည်။

ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့မှ တဦးတယောက်တည်းဆုံးဖြတ်လုပ်ကိုင်နေခြင်းနှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် NUG တာဝန်ရှိသူများအနေဖြင့် ဖြုတ်ချပြီး အစားထိုးခန့်အပ်နိုင်ရေးအတွက် ဒေသခံတချို့က ဩဂုတ်လ ၂ ရက်နေ့က ဆန္ဒပြခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ကလည်း LPDF တပ်ဖွဲ့တခုဖြစ်သည့် Phoenix Defence Battalion တပ်ရင်း၏ ပြည်သူများ၊ CDM များ၊ ရဲဘော်များပါဝင်သည့် ဆွေးနွေးပွဲတွင် NUG- MOD လက်အောက်ခံ ဂန့်ဂေါခရိုင် တပ်ရင်း (၁)၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၄) မှ လက်နက်ကိုင်များနှင့်အတူ ရဲမင်းဇော်(ခ) ယောလေးဦးဆောင်သော ကန်ရွာပကဖ၊ ကံသာရွာ ပကဖ၊ ရေရှင်မရွာ ပကဖ အပါအဝင်တပ်ဖွဲ့များ ရောက်ရှိလာပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြသည်။

ဂန့်ဂေါခရိုင် တပ်ရင်းတချိုနှင့် ပ.က.ဖ များ၏ ဖမ်းဆီးခံရမှုအတွင်း ၁၄ ရက်ကြာ ဖမ်းဆီးခံရသူ (၃)ဦး၊ ၂၃ ရက်ကြာဖမ်းဆီးခံရသူ LPDF ရဲဘော်မိသားစုဝင် (၅)၊ ၂၃ ရက်ကြာ ဖမ်းဆီးခံရသည့် LPDF ရဲဘော် (၅)ဦး၊ ၁၄ ရက်ကြာ ဖမ်းဆီးခံရသည့် ရဲဘော် (၂၂) ဦးရှိကြောင်း၊ ဖမ်းဆီးခံရစဉ်အတွင်း ရိုက်နှက်ခံရမှုများ၊ ထိပ်တုံးခတ် ရိုက်နှက်မှုများ၊ ခြိမ်းခြောက်ခံရမှုများ၊ ဆိုင်ကယ်များအပါအဝင် ပစ္စည်များ သိမ်းဆည်းခံခဲ့ရကြောင်း Phoenix Defence Battalion မှ ခေါင်းဆောင်တဦးက Red News Agency ကို ပြောကြားထားသည်။

#RedNewsAgency

By Editor