နေပြည်တော်ကျဆုံးခန်း နိမိတ်ပုံရိပ်

“မင်းအောင်လှိုင်တပ်တွေ ကချင်ပြည်နယ်ထဲ လမ်းပျောက်ကုန်တယ်ထင်ပါရဲ့။ ကြားထဲ AA တပ်သားတွေကပါ စစ်ကောင်စီတပ်လမ်းပျောက်အောင် ကချင်ပြည်နယ်မှာ ကူညီပေးနေကြ”

ငတွန်

ဒီရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လုပ်နေတဲ့ပုံစံတွေကိုတွေ့တော့ ဖတ်ခဲ့ဖူးတဲ့စာတချို့ထဲက အဖြစ်အပျက်တွေနဲ့ ထပ်တူကျနေပါလားလို့တောင် တွေးမိတယ်။ အကျဉ်းချုပ်ပြောပြရရင် ၁၇၅၀ ခုနှစ်ကာလတွေတုန်းက အင်းဝနန်းဆက်ပျက်သုဉ်းပြီး ဟံသာဝတီထီးနန်း ပြန်ခေါင်းထောင်လာချိန် မုဆိုးဖိုဦးအောင်ဇေယျဆိုတဲ့ နာမည်ဟာလည်း တဖြည်းဖြည်းထင်ရှားလာတယ်။

နောက်တော့ တဖြည်းဖြည်းနဲ့ မုဆိုးဖိုဦးအောင်ဇေယျဟာ ဟံသာဝတီကသိမ်းထားတဲ့ အင်းဝကိုပြန်သိမ်းပြီး ဟံသာဝတီဘုရင်နန်းစိုက်တဲ့ မြို့တော်အထိကိုပါ စစ်ချီပါလေရော။ ပြောရရင် ဦးအောင်ဇေယျရဲ့ မုဆိုးဖိုတပ်တွေက အဖက်ဖက်မှာ အနိုင်ရပြီး ဟံသာဝတီမြို့တော်နားထိရောက်လာတယ်။ အဲဒီမှာ ဟံသာဝတီဘက်က အတွေ့အကြုံရင့်တဲ့ တလပန်းဆိုတဲ့ စစ်သူကြီးဟာ သူ့တို့တပ်တွေ နေရာစုံမှာရှုံးနေပေမဲ့ ဦးအောင်ဇေယျ ယာယီစခန်းချနေတဲ့မြို့ကို ဇွတ်တိုးတိုက်ဖို့ စီစဉ်တယ်။

ဦးအောင်ဇေယျရဲ့သားတစ်ယောက်ကတော့ ဟံသာဝတီတပ်တွေ ကမူးရူးထိုးဝင်လာကြတဲ့အတွက် အပိုင်ပဲဆိုပြီး တန်ပြန်တိုက်ဖို့ ကြံတယ်။ ဒါပေမဲ့ ဦးအောင်ဇေယျရဲ့ လက်ရုံးဗိုလ်ချုပ်ကတော့ အဲဒီအကြံဟာမကောင်းဘူး တဲ့တိုးတက်လာတဲ့ ဟံသာဝတီတပ်ကို တဖြည်းဖြည်းဝိုင်းပြီး အင်အားချည့်နဲ့အောင်လုပ်မယ်လို့ ဆိုတယ်။ ဘာလို့လည်းဆိုတော့ ဦးအောင်ဇေယျဆီ တက်လာတဲ့ ဟံသာဝတီတပ်က စစ်သူကြီး တလပန်းဟာ အရင်အင်းဝနန်းတော်ကိုသိမ်းတုန်းကလည်း အဲဒီဗျူဟာသုံးပြီးတိုက်ခိုက်ခဲ့တာကြောင့်ပါ။

သဘောက ရန်သူဘက်က အဓိကအင်အားအကြီးမားဆုံး၊ အကြောက်ရဆုံးဆိုတဲ့ တပ်တွေကို ပြိုကွဲအောင်တိုက်နိုင်ရင်၊ ဒါမှမဟုတ် ထိခိုက်အောင်လုပ်နိုင်ရင် တလပန်းတို့ရဲ့တပ်သားတွေအနေနဲ့ စိတ်ဓာတ်တက်ကြွလာမယ်ဆိုတဲ့ ဗျူဟာနဲ့ ဇွတ်တိုးလာတာ ဖြစ်ပါတယ်။ ဒါကိုသိတဲ့ ဦးအောင်ဇေယျရဲ့ လက်ရုံးဗိုလ်ချုပ်က အဲဒီဇွတ်တိုးလာတဲ့တပ်ကို မြို့နားထိအကပ်မခံဘဲ တဖြည်းဖြည်း အင်အားချည့်နဲ့အောင်လုပ်ပြီး တိုက်မယ်လို့ ဗျူဟာပြန်ခင်းလိုက်တာဖြစ်ပါတယ်။

အဆုံးမှာတော့ ဟံသာဝတီတပ်တွေလည်း မုဆိုးဖိုတပ်သားတွေရဲ့တန်ပြန်ဗျူဟာကြောင့် ဦးအောင်ဇေယျစခန်းချတဲ့ မြို့နားထိမကပ်နိုင်ဘဲ ပြန်ဆုတ်သွားကြပါတယ်။ နောက်တော့လည်း ဟံသာဝတီနန်းတော်ဟာ ဦးအောင်ဇေယျတို့ လက်ထဲကျသွားပါတယ်။ မကျခင်မှာတော့ နန်းတော်ထဲမှာ သူဌေးသူကြွယ်တွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ တရုန်းရုန်းပေါ့။

အခုလည်း မင်းအောင်လှိုင်ဟာ သူ့တပ်သားတွေ စိတ်အားတက်ကြွအောင်၊ သူ့ကိုတော်လှန်နေတဲ့သူတွေ စိတ်ဓာတ်ကျအောင်ဆိုပြီး PDF တွေကိုကူညီနေတဲ့ KIA ရုံးစိုက်တဲ့ ကချင်ပြည်နယ်၊ လိုင်ဇာကို အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်ပါလေရော။ တစ်လနီးပါးသာရှိတော့မယ် မင်းအောင်လှိုင်တပ်တွေ လိုင်ဇာနားကိုရောက်ပြီး သိပ်မကြာခင်လိုင်ဇာကို သိမ်းနိုင်တော့မယ်ဆိုတဲ့ သတင်းမျိုးတောင် ဂျပိုးကိုလိပ်ဖြစ်အောင်ပြောတတ်တဲ့ စစ်တပ်လော်ဘီတွေဆီကနေ အသံမကြားရပါဘူး။

မင်းအောင်လှိုင်တပ်တွေ ကချင်ပြည်နယ်ထဲ လမ်းပျောက်ကုန်တယ်ထင်ပါရဲ့။ ကြားထဲ AA တပ်သားတွေကပါ စစ်ကောင်စီတပ်လမ်းပျောက်အောင် ကချင်ပြည်နယ်မှာ ကူညီပေးနေကြတယ်လို့ သတင်းဌာနတချို့က ဖော်ပြကြတယ်။ တကယ့်မြေပြင်မှာတော့ စစ်တပ် ဘယ်လောက်တောင် လုံးပါး ပါးနေသလဲ ဆိုတာ မင်းအောင်လှိုင်တို့ကိုယ်တိုင်ပဲသိပါလိမ့်မယ်။

တဖြည်းဖြည်းနဲ့ မင်းအောင်လှိုင်လုပ်ရပ်တွေက သူ့တပ်သားတွေကို ထိုးကြွေးတာနဲ့တင်မပြီးသေးဘူး။ ဝါဆိုလပြည့်နေ့ကလည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြစ်ဒဏ်ကနေလျှော့ပေးတာ အကျဉ်းသားတွေကို လွှတ်ပေးတာမျိုးတွေ လုပ်ခဲ့ပါကော။

ယတြာချေသလား ဒါမှမဟုတ် “သူပုန်တွေ မင်းတို့ကြည့်စမ်း အရာရာအားလုံးက ငါ့လက်ထဲမှာ။ ငါလွှတ်ပေးချင်တဲ့သူတွေကို လွှတ်ပေးလို့ရတယ်။ လိုင်ဇာကိုလည်း ခုချက်ခြင်းသိမ်းလို့ရတယ်ကွ” ဆိုတဲ့ သတင်းစကားမျိုး ပေးချင်သလားမသိဘူးပါဘူး။ မြေပြင်မှာ‌တော့ သူ့တပ်တွေကချင်ပြည်နယ်ထဲမှာ လမ်းပျောက်နေရဲ့။ ကြားထဲ သူမတရားဖမ်းထားတဲ့သူတွေကို နှစ်လျှော့ပေး၊ လွှတ်ပေးလိုက်လို့ မင်းအောင်လှိုင်ခမျာ သူ့ဘက်တော်သားတွေဆဲတာပါ ခံလိုက်ရသေး။

သူ့ချည်းပဲလားဆိုတော့ ကချင်ပြည်နယ်ကို လက်နက်ခဲယမ်း၊ ရိက္ခာပို့ကူ တက်သွားတဲ့ သင်္ဘော (၉) စီးဆိုတာကလည်း မန္တလေး ဂေါဝိန်ကနေ ထွက်ကတည်းက အဆော်ခံရတာဆိုတာ သင်္ဘောဗိုက်ပေါက်တောင် ပေါက်သွားလို့ နားနားပြီးသွားနေရတယ်လို့ သတင်းတွေတက်လာတယ်။ တစ်နိုင်ငံလုံးမှာလည်း စစ်ကောင်စီတပ်တွေ နေရာစုံမှာတိုက်ခိုက်ခံနေရပြီး အဘက်ဘက်ကနေ အဝိုင်းခံနေရပါကောလား။

ဒါပေမဲ့လည်း မင်းအောင်လှိုင်ကတော့ သူရုံးစိုက်တဲ့ နေပြည်တော်မှာ အခမ်းအနားပွဲလမ်းသဘင်တွေတက်လိုက်၊ ခရိုနီခရိုပြာ သူဌေးသူကြွယ်တွေ အကုန်လုံးသူ့ဘက်မှာရှိနေတယ်ဆိုတဲ့သဘော ဝါဒတွေဖြန့်လိုက်။ မသိရင် သူ့ကြည့်ရတာ တိုင်းပြည်ကြီးဘာမှမဖြစ်သလိုပေါ့။ ၁၇၅၇ ခုနှစ်တုန်းက ဟံသာဝတီနေပြည်တော်လည်း အဲဒီလိုပါပဲ။ ဘာမှမဖြစ်သလိုပါပဲ။ နန်းတော်ထဲမှာ အခမ်းအနား ပျော်ပွဲရွှင်ပွဲ သူဌေးသူကြွယ်တရုန်းရုန်းပါပဲ။ နောက်တော့လည်း မီးတဟုန်းဟုန်းသာပါ့ …။ ။

#RedNewsAgency

By Editor