PDFကို ငွေလှူသည့်ကိစ္စနှင့်ပတ်သက်ပြီး အင်းစိန်ထောင်ညွှန်ချုပ် အနားပေးခံရ

RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။

ရန်ကုန်မြို့၊အင်းစိန်အကျဉ်းထောင်အတွင်းမှ ငွေစုပြီး PDF များကို ၁၁ သိန်းလှူဒါန်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ထောင်တွင်းမှ ဖုန်း ၇ လုံးဖမ်းဆီးမိခဲ့သည့်ကိစ္စနှင့်အင်းစိန်ထောင် ညွန်ချုပ် ဦးဇော်မင်းကို ၂၄ နာရီအတွင်း အနားပေးခံရကာ အလုပ်ပြုတ်သွားပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်းက အကျဉ်းထောင်အတွင်းမှနေ၍ PDF များထံ အလှူငွေ ၁၁ သိန်းလှူဒါန်းပေးသည့် ဝန်ထမ်းမှာလည်း ဖမ်းဆီးခံထားရကြောင်း၊ ထောင်အတွင်းမှ ဖုန်း ၇ လုံးသိမ်းဆည်းရမိကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ညွန်ချုပ်ကို ၂၄ နာရီအတွင်း အရေးယူခံလိုက်ရခြင်းဖြစ်ကြောင်း၊ ညွန်ချုပ်အသစ်ဖြစ်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိ အင်းစိန်ထောင် ညွန်ချုပ်ဦးမျိုးဇော် အသစ်ပြောင်းလာပြီဖြစ်ကြောင်း သိရသည်။


“ဖြစ်တာက အခုလ ဒုတိယပတ်ထဲမှာဖြစ်တာပေ့ါ PDF တွေကို ငွေလှူတဲ့ကိစ္စ မိသွားတာ၊ အဲဒါကနေလိုက်တော့ ဖုန်းတွေပါထပ်မိတာ၊ အဲကိစ္စနဲ့ညွန်ချုပ်က အရေးယူခံရတာ ၂၄ နာရီအတွင်း တခါတည်းဖြုတ်ပစ်တာ။ အခုရောက်တဲ့အသစ်က စစ်တပ်ကပဲ ဗိုလ်မှူးကြီးအဆင့်ကနေလာတာ။ အခုတော့ ထောင်က တော်တော်ကြပ်နေတယ်။ မီးသတ်တွေ စရဖတွေနဲ့ပေါင်းပြီး အဆောင်တိုင်း လိုက်စစ်ခံနေရတာ” ဟု အင်းစိန်ထောင်နှင့်နီးစပ်သူတဦးက Red News Agency ကိုပြောကြားထားသည်။

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အားလုံးကို အခုရက်ပိုင်း ယခင်ထက်ပိုမို တင်းကြပ်ထားကြောင်း၊ မီးသတ်၊ စစ်တပ်၊ ရဲများက အချိန်မရွေးထောင်တွင်းဝင် စစ်ဆေးမှုများပြုလုပ်နေကြောင်း၊ အင်းစိန်ထောင်ဝန်ထမ်းများထက် စရဖဘက်မှ အင်းစိန်ထောင်ကို ချုပ်ကိုင်မှု ပိုများနေကြောင်း၊ ထောင်ဝန်ထမ်းများမှာလည်း စစ်တပ်၏ အမိန့်များကို တသွေမတိမ်းလိုက်နာနေကြရပြီး ဘာမှလုပ်ပိုင်ခွင့်မရှိကြောင်း သိရသည်။

#RedNewsAgency

By Editor