အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

“အခုဆိုရင် ကင်းစခန်းငယ်လေးတွေမှာ ရဲ‌နဲ့ အရပ်ဝတ် လက်နက်ကိုင်တွေကို ပိုသုံးလာတာတွေ့ရမှာပါ။ ပျူစောထီးအမည်ခံလည်းမမဟုတ် ပြည်သူ့စစ်လဲအမည်မခံတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေအဖြစ် အသုံးချခံနေကြရတာ Non-CDM တွေဖြစ်တယ်”

နောင်ရိုး

အခုရက်ပိုင်း ကြားနေရတဲ့ သတင်းတွေအရ စစ်ကောင်စီက ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာ စစ်သင်တန်းနဲ့ ပစ်ခတ်‌မှုသင်တန်းစဉ်တွေကို အဓိက ထား သင်ကြားလာပြီး လိုအပ်လာရင် စစ်ကောင်စီလက်အောက်က ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမယ်ဆိုတဲ့ အကြောင်းပါ။

စစ်ကောင်စီအနေနဲ့ ဝန်ထမ်းတွေ၊တက္ကသိုလ်‌ ကျောင်းသား‌တွေကိုသေနတ်ပစ်သင်ပေးတာက မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရင် NLD အစိုးလက်ထပ်ကတည်းက စစ်တပ်က တိုင်းပြည်ရဲ့ အရံအင်အားဖြစ်တဲ့ ရဲ၊မီးသတ်၊ ကြက်ခြေနီ အပါအဝင်၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေကို စစ်ရေးပြနဲ့ သေနတ်ပစ်ခတ်တာကို သင်ကြားလေ့ရှိပါတယ်။ ဒါပေမယ့်အရင်ကတော့ အဖြစ်သဘောမျိုးပဲ သင်ကြားတဲ့သဘောပါ။

အခုက သေနတ်ပစ်သင်တာထက် စစ်တပ်နဲ့ တွဲပြီး လုံခြုံရေး၊ စစ်ဆင်ရေးဆောင်ရွက်ရမယ်ဆိုတာဟာ ဖြစ်လာနိုင်ပါတယ်။ တခြားမကြည့်နဲ့ ပြည်ထဲရေးရဲ့ လက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ တပ်ရင်း ၁၀ ရင်းကိုတောင် စစ်ကောင်စီအနေနဲ့ နေပြည်တော်မှာ ခံစစ်သဖွယ်ပြင်ဆင်ထားကြတယ်။ “လာတိုက်ရင် မင်းတို့အသေခံဆိုတဲ့ သဘောပါပဲ…” ပြောရမယ်ဆိုရင် ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးကိုပဲ လုပ်ရမယ့် ဌာနဖြစ်ပေမယ့် စစ်တပ်ရဲ့ လိုအပ်ချက်အရ စစ်ပွဲတွေမှာ အသုံးချခံလာရပါတယ်။ မီးသတ်တွေဆိုရင် နွေဦးတော်လှန်ရေး ဆန္ဒပြမှုတွေစကတည်းက မီးသတ်တွေကို အသုံးပြုလာတာဖြစ်ပါတယ်။

ဗဟိုဝန်ထမ်းတက္ကသိုလ်မှာဆိုရင် စစ်တပ်လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေကိုအရင်တုန်းကထက် စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုသင်ခန်းစဉ်တွေကို အဓိကထားပိုသင်နေရတယ်။ အရင်က စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုဆိုတာက ပါပေမယ့်အဲဒါတွေက အဓိက မဟုတ်ဘူး။ အခုတော့ ပစ်ခတ်တာကို အဓိက ထားသင်ကြတယ်။ လိုအပ်ရင် စစ်တိုက်ကောင်း တိုက်ရမယ်ဆိုတာမျိုးတွေလည်းပြောတယ်။ ကျန်တဲ့ စီမံခန့်ခွဲမှုနဲ့ သဘောတရားရေးရာတွေကို သင်ကြားမှု အတော်ကို လျော့လာတယ်လို့လည်း သိရတယ်။

အဓိက စစ်တပ်ဟာ ကိုယ့်မြို့ကိုယ်ရွာကိုကာကွယ်ရမယ်ဆိုတဲ့ လုံခြုံရေးအကြောင်းပြတာမျိုး၊ Non-CDM တွေကို နာမည်ခံ အသုံးချတာမျိုးပြုလုပ်လာနိုင်ပါတယ်။ အကြောင်းရင်းက လုံခြုံရေးအကြောင်းပြပြီး၊ အရပ်ဝတ်နဲ့ လှုပ်ရှားလို့ရအောင် စစ်ကောင်စီကဖန်တီးနေတာပဲဖြစ်တယ်။ အခုဆိုရင် ကင်းစခန်းငယ်လေးတွေမှာ ရဲ‌နဲ့ အရပ်ဝတ် လက်နက်ကိုင်တွေကို ပိုသုံးလာတာတွေ့ရမှာပါ။ ပျူစောထီးအမည်ခံလည်းမမဟုတ် ပြည်သူ့စစ်လဲအမည်မခံတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေအဖြစ် အသုံးချခံနေကြရတာ Non-CDM တွေဖြစ်တယ်။ ဒါတွေကို မြို့အဝင်အထွက်နဲ့ ရပ်ကွက်ထဲကင်းပတ်ချိန်တွေမှာ သတိထားကြည့်ရင် မြင်နိုင်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ‌ ဌာနဆိုင်ရာရုံးတွေကနေ တော်လှန်ရေးအဖွဲ့တွေရဲ့ အခြေအနေကို စစ်ကောင်စီထံ သတင်းပေးခြင်း၊ စောင့်ကြည့်ခြင်း၊ လိုအပ်ရင် ဧည့်စာရင်းစစ်တာ၊ ဂိတ်စောင့်တာအထိ လုပ်လာကြတယ်။ နောက်ထပ်လည်း ထွေအုပ်ရုံးတွေ၊ အခြားသော အရပ်ဘက်ဝန်ကြီး ဌာနရုံးတွေမှာ လက်နက်ပေးကိုင်တာတွေလုပ်လာကြတယ်။ ဒီအချက်က စစ်တပ်အင်အားနည်းတာကို ပြသရာ‌လည်းရောက်တယ်။ တဖက်မှာလည်း လျော့နည်းလာတဲ့စစ်အင်အားနေရာမှာ အစားထိုးဖို့ Non CDM တွေကို စစ်ဆင်ရေးတွေမှာအသုံးချချင်တာဖြစ်တယ်။

အချို့သော Non CDM တွေအနေနဲ့ကလည်း မလူးသာမလွန့်သာ ဘဝမှာ အကြောက်တရားနဲ့ ဖိအားအပေါ် ရွှေချယ်ပိုင်ခွင့်မရှိတော့ပါဘူး။ သို့သော် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စစ်ကောင်စီက အမိန့်ပေးရင် လက်နက်ကိုင်ပြီး စစ်ကောင်စီနဲ့တွဲဖက်ကာ စစ်ဆင်ရေးမှာ ပါဝင်ရမှာပဲ ဖြစ်တယ်။ အကယ်၍ စစ်တပ်လက်အောက်ခံ ဝန်ထမ်းတွေသာ စစ်ဆင်ရေး၊လုံခြုံရေးမှာပါဝင်လာပြီးဆိုရင် စစ်ကောင်စီရဲ့လျော့နဲနေတဲ့ စစ်အင်အားကို ဖြည့်တင်းပေးဖို့နဲ့ အထိုးကျွေးခံထက် ဘဝတွေထက် မပိုနိုင်ပါဘူး။

အကြမ်းဖက်အာဏာသိမ်းခဲ့တဲ့ စစ်တပ်အနေနဲ့ အခုလို တော်လှန်ရေးနဲ့ ကြုံတွေ့ရမယ်လို့ မတွေးခဲ့မိပါဘူး။ ဒါ့ကြောင့်လည်း အခုတော့ တပ်ပျက်နေမှုကြီးနဲ့အတူ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုမရှိသလို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေထဲမှာ ပြည်သူနဲ့အတူရပ်တည်ကာ စစ်ကောင်စီကို ပြန်တော်လှန်နေကြတာဖြစ်ပါတယ်။ အမှန်တရားဘက် မရပ်တည် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့တော့ တဖြည်းဖြည်းပိုပိုဆိုးလာပြီး နောက်ပိုင်း သေနတ်ကိုင်ကာ စစ်ကောင်စီခိုင်းသမျှ လုပ်ရင်း ပြည်သူကို ရန်သူလိုသဘောထားကြတော့မှာဖြစ်တဲ့အတွက် ပြည်သူများလည်း သတိထားနိုင်ရန် တင်ပြလိုက်ပါတယ်ခင်ဗျာ။ ။

#RedNewsAgency

By Editor