အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

RNA_ဖားကန့် မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း‌ကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီးရှိ စစ်ကောင်စီကိုအခွန် (ခ) ဆက်ကြေးမပေးပဲ တူးဖော်နေသည့် ကျောက်ကျင်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ်အင်အား(၃၀)ခန့်ဖြင့် မေလ ၂၉ ရက် ညဦးပိုင်းက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကို ဆက်ကြေးမပေးသည့်အတွက် အဲဗားရေဝင်းနားလုပ်ကွက်ဟောင်းရေကန်၊ ငိုးပင်းကုမ္ပဏီလုပ်ကွက်‌မြေနေရာဟောင်း မြေစာပုံဈေးတန်းအနီး၊ တောက်ပကြယ် လုပ်ကွက်ဟောင်း ကမ်းပါးနေရာတို့ကို ဝင်ရောက်စီးနင်းကာ စက်ယန္တရားများနှင့် လုပ်ကွက်ဝန်ထမ်းအားလုံးနီးပါးကို ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့ရှိသူကများက ပြောကြားထားသည်။

ဓါတ်ပုံ: ဆန်ခါ‌ကျေးရွာအနီး တောက်ပကြယ်လုပ်ကွက်ဟောင်း။

ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်တွင် ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ KNDPC ဟု နာမည်ခံထားပြီး အဆိုပါကုမ္မဏီ၏ပိုင်ရှင်မှာ တရုတ်လူမျိုး ဦးကွေပင်းဖြစ်ပြီး၊ မူးယစ်ယာဇာ အဖြစ်နာမည်ကြီးသူဟုကျော်ကြားကာ မန္တလေးမြို့တွင် ” မင်္ဂလာ” ပုဂ္ဂလိက ဆေးရုံပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း သိရှိရသည်။

“ဖမ်းဆီးထားတဲ့ စက်ယန္တယား ကားတွေကို အဲ့လုပ်ကွက်ကျင်းထဲ တန်းစီရပ်ထားတာတွေ့တယ်၊ ကုမ္ပဏီ ဝန်ထမ်းတွေလည်း ဖမ်းဆီးခံထားရတယ် “ဟု ဒေသခံများက ပြောသည်။

လက်ရှိစစ်ကောင်စီတပ် ဝင်ရောက်စီးနင်းထားသည့် လုပ်ကွက်သည် KNDPC ကုမ္မဏီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေကြောင်း အဆိုပါကုမ္မဏီ၏ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝန်ထမ်းတဦးက ပြောသည်။

ဓါတ်ပုံ: ဆန်ခါ‌ကျေးရွာအနီး တောက်ပကြယ်လုပ်ကွက်ဟောင်း။

“ကေအိုင်‌အေက လုပ်ကွက်စိုက်၊ ကုမ္မဏီက စက်ယန္တရား အပါအဝင်ငွေကြေးနဲ့လူအင်အားစိုက်ပြီး အကျိုးတူရှယ်ယာ လုပ်နေတာပါ၊ ဒီမှာက ကျောက်စိမ်းတူးတဲ့ကုမ္မဏီအားလုံး လုပ်ကွက်အားလုံး ကေအိုင်အေနဲ့အကျိုးတူ တူးနေကြတာ လူတိုင်းသိပါတယ်” ဟု ၎င်းကပြောသည်။

ယင်းနေ့ညမှာပင် ကုဋေမှော်အနီးရှိ နေမင်းကမ္ဘာကုမ္ပဏီလုပ်ကွက်ကျင်းတူးနေသည့် နေရာကိုလည်း စစ်ကောင်စီက ဆက်လက်ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ မေလ ၃၀ ရက် နေ့ခင်းပိုင်းတွင် စစ်ကောင်စီတပ်များမှ နေမင်းကမ္ဘာကုမ္မဏီ လုပ်ကွက်အတွင်းရှိနေပြီး ကျောက်စိမ်းတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းများနှင့် ဆီပေပါ ၁၂၀ လုံးအား သိမ်းယူရန် ပြင်ဆင်နေကြောင်း အဆိုပါကုမ္မဏီနှင့် နီးစပ်သူများထံမှ သိရသည်။

ဓါတ်ပုံ: ဆန်ခါ‌ကျေးရွာအနီး တောက်ပကြယ်လုပ်ကွက်ဟောင်း။

နေမင်းကမ္ဘာကုမ္မဏီကို စစ်ကောင်စီတပ်များက ဝင်ရောက်ဖမ်းဆီးမှုမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ အဆိုပါ နေမင်းကမ္ဘာကုမ္မဏီသည် ယခင်က စိန်လုံတောင်တန်းကုမ္မဏီဖြစ်ပြီး “ဝ” တပ်ဖွဲ့ပိုင် ကုမ္ပဏီ ခွဲတခုဖြစ်ကာ ပိုင်ရှင်မှာ ဦးအားလင့်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖားကန့်၌ စစ်ကောင်စီက ကျောက်စိမ်းတူးဖော်မှုအား စက်ယန္တရားကြေးနှင့် လုပ်ကွက်ကြေး ကောက်ခံပြီး တူးဖော်ခွင့်ပြုထားသည်မှာ မတရားအာဏာသိမ်းပြီးချိန်မှစတင်ခဲ့ခြင်းဖြစ်ပြီး အချို့လုပ်ငန်းရှင်များက အချို့လုပ်ကွက်များအား စစ်ကောင်စီထံ စာရင်းမတင်ပြပဲ တူးဖော်ခြင်း၊ စက်ယန္တရားအင်အား လိမ်ညာဖုန်းကွယ်တင်ပြခြင်းများ ဆောင်ရွက်ကာ တူးဖော်ကြကြောင်း လုပ်ကွက်ဝန်ထမ်းများက ပြောသည်။

ဖားကန့်မြို့ ကျောက်စိမ်းမှော်များတွင်ရှိသည့် ကျောက်စိမ်းတူးဖော်‌နေသည့် ကုမ္မဏီများထဲမှ စစ်ကောင်စီထံ ဆက်ကြေးမပေးပဲ တစ်ဖက်ကိုအခွန်လွတ်တူးနေသည့် လုပ်ကွက်အချို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ၊ မေလ၂၈ ရက်နေ့ကလည်း မော်ဝမ်းကြီးကျေးရွာအနီးရှိ “ကျော်နိုင်နှင့်ညီများ” ကုမ္မဏီကို ဝင်ရောက်စီးနင်းခဲ့သည်။

ဓါတ်ပုံ: ဆန်ခါ‌ကျေးရွာအနီး တောက်ပကြယ်လုပ်ကွက်ဟောင်း။

ယခုရက်သတ္တတပတ်အတွင်း စစ်ကောင်စီက လုပ်ကွက် (သို့)ကုမ္မဏီလေးခုထက်မနည်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ကုမ္မဏီဝန်ထမ်းပေါင်း ရာနှင့်ချီ ဖမ်းဆီးစစ်ဆေးနေကာ ကုမ္မဏီပိုင်ရှင်များက လာရောက်ဖြေရှင်းရန် စစ်ကောင်စီက ခေါ်ယူထားကြောင်း သိရသည်။

ဖားကန့်၌ ယခုကဲ့သို့ စစ်ကောင်စီထံ စာရင်းမတင်ပြပဲ တူးဖော်သည့်လုပ်ကွက်များကို လူမထိနိုင်သည့်နေရာများသို့ ယခင်တပ်မမှူးက လက်နက်ကြီးနှင့်ပစ်ကာ သတိပေးခြင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုတပ်မမှူးက စစ်ကြောင်းထိုးဝင်ရောက်စစ်ဆေးစေပြီး လုပ်ကွက် (သို့) အမည်ပျောက်ကုမ္ပဏီများ၏ တာဝန်ရှိသူများက လာရောက်ဖြေရှင်းရန် ဆင့်ခေါ်နေကြောင်း သိရသည်။

#RedNewsAgency

By Editor