ပဇီကြီးကျေးရွာ ဗုံးကြဲမှုနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ သေဆုံးခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်အပါအဝင် တရားခံများကို NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့မှ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားပြီးတရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တရားခံ (၆) ဦးတို့အား မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် သတင်းပေးပို့ခဲ့သော စစ်ကောင်စီသတင်းပေး သိန်းရွှေ (၅၃) နှစ် (ဘ)ဦးပဲ၊ ဦးချို ၆၁နှစ်(ဘ)ဦးတင်၊ဇော်မင်း (ဘ) ဦးကျန်တင် (၃၆)နှစ်နှင့် ယဉ်ယဉ်ဝင်း ၃၀နှစ်(ဘ)ဦးမြင့်စိုး တို့အားဖမ်းဆီးရမိထားပြီး ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ထားကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ ပျူခေါင်းဆောင် ဝါသဝနှင့် စကစ သတင်းပေးဖြစ်သူ ဒေါ်နွဲ့ယဉ်တို့ (၂) ဦးအားလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၃/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ထားကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
 
ပဇီကြီးကျေးရွာအတွင် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် အရပ်သားများဖြင့်အခြေပြုဖွဲ့စည်းထားသော ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရွာနီးခြောက်စပ်မှ ရွာသူရွာသားများကို ဖိတ်ကြား၍ ရပ်ဓလေ့ရွာဓလေ့အရ ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးနေစဉ်၊ အကြမ်းဖက်အာဏာသိမ်း ဖက်ဆစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်အောက်ခံလေတပ်မှ Yark-130 တိုက်လေယာဉ်နှင့် MI-35တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အရပ်သားပြည်သူများအား ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များ ရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ ယင်းလေကြောင်းတိုက်ခိုက်မှုတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ(၁၈၁)ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူ (၂၉)ဦးရှိကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency
By Editor