စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

RNA_ဧပြီ( ၂၃)၊၂၀၂၃ ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသရှိ ခလရ (၁၄၇) စခန်းကုန်းကို ဧပြီလ (၂၂) ရက်နေ့ နံနက် (၃)နာရီခန့်တွင် မန္တလေး PDF ရဲဘော်များ တိုက်ခိုက်မှုအပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းရောက်ရှိလာချိန် ကားရပ်မပေးသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။

 

“မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာ ယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦး ပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ Toyota Corolla အိမ်စီးကားတစီး ရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက်သေ ခံပစ္စည်းများ နှင့်တကွ အသေဖမ်းဆီးရရှိခဲ့သည်” ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး)နှင့် စစ်ကောင်စီတပ်တို့ ဧပြီလ (၅) ရက်မှ (၂၂) ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှုး ဒုတိယဗိုလ်မှုကြီး (၁) ဦး၊ ခလရ (၂၅၈) မှ တပ်ခွဲမှုး ဗိုလ်ကြီး (၁)ဦးနှင့် ခလရ (၂၅၃) မှတပ်ခွဲမှုး ဗိုလ်ကြီး (၁) ဦးအပါအဝင် ရန်သူ့တပ်သား (၁၀၀)ဦး ဝန်းကျင်ထိ သေဆုံးခဲ့‌ကြောင်း၊ ခလရ (၂၅၃ )မှ စစ်ကြောင်းမှူးအပါအဝင်အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် (၁၁)ဦး ကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်မှ Yak 130၊ MiG 29၊ SU 30၊ K8W အမျိုးအစား လေယာဉ်များ၊ Mi 35 ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု (၃၃) ကြိမ် ပြုလုပ်ခဲ့ပြီး၊ လက်နက်ကြီးပစ်ကူအနေဖြင့် (၆၀) မမ၊ (၈၁)မမ၊ (၁၂၀) မမ၊ (၁၅၅)မမ များ အလွန်အကျွံအသုံးပြုခဲ့ကြောင်း၊ဒေသခံ ပြည်သူ (၇) ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor