ခရမ်း PDF ရဲဘော် (၆) ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်များ သတိထားရန် အထူးသတိပေး

RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF – Khayan) ရဲဘော် (၆) ဦး ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီးနောက် ကွင်းဆက်များလိုက်ကာ ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း သိရသည်။

“ရဲဘော်ခြောက်ဦးသည် (၂၂.၄.၂၀၂၃) ရက်နေ့တွင် မတော်တဆ အကြမ်းဖက်စစ်ကောင်စီလက်သို့ ဖမ်းဆီးခံခဲ့ရပါသည်။ စစ်ကောင်စီသည် ၎င်းတို့ကို ဖမ်းဆီးနှိပ်စက်၍ ကွင်းဆက်များကိုလိုက်ဖမ်းဆီးမှုများ၊ မြို့နေပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။ ရဲဘော်များ၏ဖုန်းများဖြင့် ဆက်သွယ်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါသည်” ဟု PDF – Khayan မှ ယနေ့ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် ရဲဘော်များမှာ ရဲဘော် ရနောင်၊ ရဲဘော် မှေးကြီး၊ ရဲဘော် ဗိုက်ကလေး၊ ရဲဘော် သာလိကာ၊ ရဲဘော် စာကလေး၊ ရဲဘော် DKတို့ဖြစ်ကြောင်း၊ ဖမ်းဆီးခံလိုက်ရသည့် ရဲဘော်များနှင့် ဆက်စပ်သူများ အထူးသတိထားရှောင်ရှား ကြပါရန် နှင့် မြို့နေလူထုအနေဖြင့်လည်း စစ်ကောင်စီလက်အောက်ခံများ၏ ထင်ရာစိုင်း ဖမ်းဆီးမှုများကို ရှောင်ရှားကြပါရန် အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။

#RedNewsAgency

By Editor