မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာမှ ဧပြီ (၂၁) ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ကျေးရွာပြည်သူများအား ဆန်ခါ အချုပ် ထောင်၌ ချုပ်နှောင်ထားပြီး၊ ကံဆီးဒေသ လည်းကောင်းတို့တပ်အထိုင်ချထားရာဘက်သို့ ဖမ်းဆီး‌ခေါ်ဆောင်သွားသည့် ပြည်သူ(၆၀)ကျော်အား ထမင်းမကျွေးပဲ အိမ်မှထမင်းလာပို့ခိုင်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက မှော်ပုံရွာအတွင်း ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ပြည်သူ(၆၀)ဦးခန့်ကို ကံဆီးဒေသ စစ်ကောင်စီတပ်စခန်းတွင် ဓားစာခံ ဒိုင်းကာအဖြစ် နှစ်ယောက်ကြား တပ်သားတစ်ဦးနှုန်းညှပ်ကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်ခါကျေးရွာဘက်သို့လည်း ပြည်သူ (၁၀၀) နီးပါးကိုအတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း၊ ဆန်ခါကျေးရွာဘက်ခေါ်လာသူများကို ဆန်ခါ အချုပ်ထောင်စခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။

ကံဆီးဒေသဖက် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူပြည်သူများအား ထမင်းကို ကိုယ့်စရိတ်စား ပုံစံဖြင့် မိမိအိမ်မှ လာပို့ခိုင်းကြောင်း၊ မတရားအဖမ်းခံထားရသည့် ပြည်သူတစ်ဦး၏ ဆွေမျိုးထံမှ ကြားသိရသည်။

ဖြစ်စဉ်ကို အနီးကပ်မြင်တွေ့သူ တစ်ဦးက “စစ်သားတွေက အိမ်တွေထဲအတင်းဝင်မွှေကြတာ၊ ရရာအကုန်မွှေယူကြတာ၊ တော်တော်နဲ့ပြန်မထွက်ဘူး၊ သူတို့အရာရှိက တပ်စု (၁) ပြန်စု၊ တပ်စု(၂) ပြန်စုဆိုလည်း ပြန်ပေါ်မလာလို့ သေနတ်မောင်းဆွဲခေါ်ရတာ၊ အရာရှိက ဖုန်းအလုံးသုံးဆယ်လောက်ကို ဒါဘယ်သူ့ဖုန်းလဲ ပြန်ပေးမယ် စာရင်းကောက်ပေမယ့် ဖုန်းတစ်ရာကျော်က သူ့စစ်သားတွေလက်ထဲ လက်စပျောက်ပဲ” ဟု ပြောပြသည်။

ဖမ်းဆီးခံရသူပြည်သူများ၏ ဆွေမျိုးများထံမှ ကြားသိရချက်အရ လာရောက်ဖမ်းဆီးစဉ် ပိုက်ဆံတွေ့သည့်အိမ်မှ ပိုက်ဆံယူပြီး အိမ်ကို လက်စဖျောက်မီးရှို့ခြင်း၊ ရွှေဆွဲကြိုးဖြုတ်ယူခြင်းနှင့် ဖုန်းများအား ပလိုင်းထဲစုထည့်ခိုင်းကာ သိမ်းယူခြင်းများကို သေနတ်ထောက် လုပ်ဆောင်ကြောင်း သိရသည်။

ဧပြီလ ၂၁ ရက် မနံနက်ပိုင်းဖြစ်စဉ်အပြီး နေ့ခင်းပိုင်း နောက်တစ်ကြိမ် ဖမ်းဆီးခံရသူပြည်သူများတွင် မှော်ပုံကျေးရွာနေပြည်သူ (၂၀၀)နီးပါးအပြင် ဆန်ခါကျေးရွာနေသူ (၁၀)ခန့်ပါဝင်ပြီး စုစုပေါင်းပြည်သူ ကျားမ (၂၀၀)ဦးကျော် မတရားဖမ်းဆီးခံရသည်။

ကံဆီးဒေသဖက်လူသားဒိုင်းကာအဖြစ် အဖမ်းခံရသူ ပြည်သူ (၆၀)ဦးနှင့်အထက်ရှိပြီး ကျန်လူများကို ဆန်ခါ အချုပ်ထောင်အနီးရှိ စစ်တပ်စခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။

#RedNewsAgency

By Editor