ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

RNA_ဖားကန့်၊ မတ် (၁၃)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်းရွှေမျောတိုက်မှု ဒေသခံများမလိုလားသော်လည်း ဒေသအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် ရွှေမျောစင်များ ပိုတိုးလာကြောင်း သိရသည်။

“ကျနော်အရင်တစ်ခါလည်းပြောပါတယ်၊ ရေကြည်ရေကန်ထဲ ရွှေမျောတိုက်တော့၊ ရေအသုံးပြုရအဆင်မပြေဘူးလို့၊ ဒါကိုသတင်းတက်လာလည်း KIAရော PDF ရော ရွှေမျောတိုက်တာကို မတားပေးကြဘူးဗျ” ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိအချိန်သည် နွေဦးတော်လှန်ရေးကာလဖြစ်သည့်အလျောက် စစ်ကောင်စီ၏ ‌အုပ်ချုပ်ရေးကို အများပြည်သူက ဆန့်ကျင်ထားကြသည့်အတွက် အုပ်ချုပ်ရေးမှူးများအား အယုံအကြည်မရှိပဲ တိုင်ကြားခြင်းများမပြုလုပ်ကြခြင်းဖြစ်သည်။

မျောစင်ထောင်ကာ ဘက်ဟိုးအသုံးပြု ရွှေမျောတိုက်သည့် မျောစင်တစ်ခုသာရှိခဲ့ရာမှ ယနေ့တွင် ဝါးဖောင်ပေါ်စက်တင်ကာ ကမ်းပါးထိုးချ ရွှေမျောတိုက်သည့် ဖောင်နှစ်ခု အများပြည်သူသုံးရေကန်အတွင်း ထပ်တိုးလာခဲ့သည်။

“ဒီကန်မှာက မီးသတ်ကားတွေ၊ ကုမ္ပဏီရေကားတွေလည်း ရေလာထည့်နေရတဲ့ကန်ဟုတ်တယ်၊ ကျောက်စိမ်းမှော်ဆိုတော့ တူးပြီးသားကန်ထဲ စွန့်ပစ်မြေစာပြန်ဖို့ တစ်ချို့က ဘေးကမ်းပါးတွေပြိုကျ လူတွေအန္တရာယ်ဖြစ်ကြတယ်၊ ဒီရေကန်ပဲ လမ်းမကြီးနဲ့ကပ်နေတာကတစ်ကြောင်း၊ ဘေးနားက မှော်ရွာတွေဝိုင်းနေတာကတစ်ကြောင်းမို့ အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနေရတာဖြစ်တယ်” ဟု ဒေသခံက ပြောသည်။

လက်ရှိ အများသုံးကျေးရွာပိုင် လုပ်ကွက်ဟောင်းရေကန်သည် ဖားကန့်-လုံးခင်းသွား ကားလမ်းမဘေးတွင်တည်ရှိနေပြီး အများပြည်သူအလွယ်တကူဝင်ထွက် အသုံးပြုရသည့် ‌အလျားပေ (၁၅၀၀)ခန့်နဲ့ အနံပေ (၅၀၀)ခန့် ရှိသော ရေကြည်ကန်တစ်ခုဖြစ်သည်။

#RedNewsAgency

By Editor