စစ်ဘေးရှောင်များကို ကယ်ထုတ်သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၃) ဦးကျ

RNA_မတ်(၁၄)၊၂၀၂၃ ခုနှစ်။

ရှမ်း- ကယားနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိ တောင်ပေါ် စစ်ဘေးရှောင်တစ်နေရာတွင် စစ်ကောင်စီတပ် တပ်မ (၆၆)မှ စစ်ကြောင်းထိုးလာပြီး စစ်ဘေးရှောင်များကို ဖမ်းဆီးသည့်အတွက် PDF မှ ကယ်ထုတ်ရန်တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ အသေအဆုံးများခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် (၃) ဦးကျဆုံးကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းမှ သက်ကြီးရွယ်အိုနှင့်ကလေးအချို့ကိုဖမ်းဆီးကာ အသက် (၈၁) နှစ်၊ (၇၈) နှစ်အရွယ် သက်ကြီးရွယ်အို (၂) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ (၇) တန်းကျောင်းသား (၁) ဦးကို ပစ်သတ်ခဲ့သည့် တပ်မ (၆၆) ကို မတ်လ (၁၂) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် ဖယ်ခုံ PDF တပ်ရင်း-၂၊ KNDF B-03 ၊ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

“တိုက်ပွဲတွင် စကစမှတပ်ကြပ်ကြီးနှင့် ဒု-တပ်ကြပ်အပါအဝင် အရာရှိစစ်သည်အများအပြားသေဆုံးဒဏ်ရာရပြီး အရေအတွက်ကိုမူ အတည်ပြုရန်ကြိုးစားနေဆဲဖြစ်သည်။ စကစ အလောင်း ၄ လောင်းနှင့် စစ်အသုံး အဆောင်အချို့ သိမ်းဆည်းရမိပါသည်” ဟု Pekhon People Defense Force -2 က ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ သော်လည်း ဖယ်ခုံ PDFတပ်ရင်း-၂မှ ရဲဘော် (၁) ဦးနှင့် KNDF B-03မှ ရဲဘော် (၂) ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ပူးပေါင်းအဖွဲ့မှ (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ဘေးရှောင်တချို့ လွတ်မြောက်သွားကြောင်း သိရသည်။

#RedNewsAgency

By Editor