ပ.က.ဖခေါင်းဆောင် (၁) ဦးနှင့် ပြည်သူ (၁၇) ဦးသတ်ခံရမှု အပြစ်ပေးအရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 

RNA_မတ်(၄)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် ထီးဆောင်းရွာ အခြေချ တပ်မ (၃၃) တပ်သားများသည် ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော်နှင့် ဒေသခံပြည်သူ (၁၇) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားသည့်အတွက် အပြစ်ပေးအရေးယူနိုင်ရေး NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထီးဆောင်းရွာအခြေချ စစ်ကောင်စီတပ် တပ်မ (၃၃) တပ်သားများသည် မတ်လ (၂) ရက်နေ့က ပ.က.ဖ ခေါင်းဆောင်အား ဖမ်းဆီးသတ်ဖြတ်ပြီး တာတိုင်ရွာမှ တပ်ဆုတ်ချိန် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ (၁၇) ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

” ထီးဆောင်းရွာတွင်အခြေချသော တပ်မ (၃၃) တပ်သားများသည် တာတိုင်ကျေးရွာနှင့် ပန်းချီကျေးရွာအားဝင်ရောက်စီးနင်း၍ ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော် အားဖမ်းဆီးကာ ခေါင်းခြေလက်များဖြတ်တောက်ပြီးဗိုက်ဖောက်ထုတ်ကာရက်စက်စွာသတ်ဖြတ်ခဲ့ပြီးနောက် တာတိုင်ကျေးရွာမှ တပ်ဆုတ်ချိန် ဒေသခံအမျိုးသမီးအပါအဝင် (၁၇) ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့သည်။ အိမ်ခြေ (၇၈)လုံးရှိသည့် တာတိုင်ကျေးရွာမှ အိမ်ခြေ (၆၀)အားလည်း မီးရှို့ဖျက်ဆီးခဲ့သည်” ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသူအချို့၏ မြင်ကွင်းရုပ်သံတခုကို Link https://t.me/rednewsagency/1855 တွင် ဝင်ရောက်ကြည့်နိုင်သည်။

#RedNewsAgency

By Editor