ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့

RNA_‌မတ်(၄)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ ကင်းမကျေးရွာမှနေအိမ် (၁၄) လုံးနှင့် ကင်းမရွာစစ်ဘေးရှောင်ပြည်သူများ၏ ဖောကားတစ်စီး၊ ဆန်၊ ပဲ၊ အခြားစားသောက်ကုန်စသည်တို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ပေါက်မြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မတ်လ (၂) ရက်နေ့တွင် ကင်းမရွာဘက်ရောက်ရှိလာပြီး စစ်ဘေးရှောင်များ၏ ကာလတန်ကြေး သိန်း (၆၀၀) ခန့်ရှိ ပစ္စည်းများ၊ ကင်းမကျေးရွာ နေအိမ်များနှင့် PDF စခန်းတခုတို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟုပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း ( ပေါက်တောင်ပိုင်း ပြောက်ကျားတပ်) မှ ထုတ်ပြန်ထားသည်။

“ရှားလှကျေးရွာမှ ဝန်ချောင်းအတိုင်းစုန်ဆင်းလာရာ ကင်းမရွာစစ်ဘေးရှောင်ပြည်သူများ၏ပစ္စည်းများဖြစ်သော ဖောကားတစ်စီး/ဆန် တင်းသုံးဆယ်/ပဲ တင်းလေးဆယ် နှင့် အခြားစားသောက်ကုန်များ (ကာလတန်ကြေး စုစုပေါင်း သိန်း600 ခန့်) မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။ကျနော်တို့ ပြည်သူ့ကာကွယ် ရေးတပ်မတော် ပခုက္ကူ ခရိုင်တပ်ရင်း (အမှတ်-18) မှ ဆိုင်ကယ်သုံးစီး/ဒရုန်း တစ်စီး/မိုင်းဆက်စပ်ပစ္စည်းများ/ လက်နက်ထုတ်လုပ်ရာစခန်းနှင့် အထိုင်စခန်းအား မီးရှို့ဖျက်ဆီးသွားခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ယခုရက်ပိုင်း စစ်ကြောင်းထိုးမှုများပြားလာပြီး ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ် အဆောက်အဦနှင့် ရိက္ခာများကိုမီးရှို့ဖျက်ဆီးခြင်းစသည်တို့ကို ပြုလုပ်နေကြောင်း သိရသည်။

#RedNewsAgency

By Editor