တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်မှုသည် တော်လှန်ရေးကို သွေဖီနေသည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် GZA ပြော

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။

MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံတပ်များ BNRA စခန်းကို တိုက်ခိုက်ခြင်းသည် အထူးသဖြင့် လက်နက်ခဲယမ်း ရှားပါး၍ ချွေတာနေရသည့် တော်လှန်ရေးကာလတွင် ရန်သူကိုတိုက်မည့်အစား တော်လှန်ရေးအဖွဲ့အချင်းချင်း ကျည်ဖြုန်းတီးနေခြင်းဖြစ်သလို တော်လှန်ရေးကို သွေဖီနေခြင်းဖြစ်သည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် Generation Z Army မှ ယနေ့ ထုတ်ပြန်ပြောကြားထားသည်။

ဗိုလ်နဂါးဦးဆောင်သော BNRA ဂိတ် (၃) ခုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံ တပ်သား ထောင်ဂဏန်းထက်သာလွန်အင်အားဖြင့် တပ်ဖြန့်လာခဲ့ကြောင်း၊ BNRA ဂိတ် ၃ ခုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်က ပြည်သူလူထုမှ တော်လှန်ရေးအတွက် လှူဒါန်းထားသော ခြောက်လက် ဒရုန်းများ၊ လက်နက်ကြီးများ အများအပြားကို အသုံးပြုပြီး ထိုးစစ်ဆင် ပြီး တပြိုက်နက်တည်း စနစ်တကျ တိုက်ခိုက်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မနေ့က တိုက်ပွဲဖြစ်ပွားရာအနီး ပုပ္ပါရွာထဲက ပြည်သူတွေကို MOD တပ်တွေက ရွာပြင်ပေးမထွက်တာတွေ ကြုံရတယ်။ ရွာထဲကိုလည်း လက်နက်ကြီးလိုဟာမျိုး ကြတယ်။ ရွာပြင်ကနေ ရွာထဲကိုပစ်တာမျိုးဖြစ်တယ် မတော်မဆမဟုတ်ဘူး။ ပြည်သူတွေကိုလည်း ရွာထွက်ပေါက်ကနေပိတ်ပြီး အဝင်မခံ အထွက်မခံတာမျိုးတွေထိ လုပ်ခဲ့ကြတယ်။ အဲဒီရွာထဲမှာသာ ဗိုလ်နဂါးထောက်ခံသူတွေကို လိုက်ရှာနေတယ်ဆိုတာမျိုးလည်း ကြားရတယ်” ဟု ပုလဲမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

NUG/MOD လက်အောက်ခံ ယင်းမာပင်ခရိုင်တပ်ရင်းများ BNRA ဂိတ်စခန်းများကို လက်နက်ကြီး၊ ဒရုန်းများ၊ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် BNRA တပ်ဖွဲ့ဝင် (၁၀) ဦးခန့် ကျဆုံးသည်ဟု ပြောဆိုနေကြပေမဲ့ အတိအကျ မသိရှိရသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာမှပြည်သူများ စစ်ဘေးရှောင်နေရကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာကို အာဏာသိမ်းစစ်တပ်မှလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

MOD တပ်များ BNRA ကို တိုက်ခိုက်သည့်အတွက် တော်လှန်ရေးအဖွဲ့အစည်းများအတွင်း မည်သည့်အဖွဲ့အစည်းအတွက်မှ အကျိုးမရှိဘဲ ဘုံရန်သူအတွက် လက်ခမောင်းခတ်ရန် အားပေးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များအကြား မကြေလည်မှုများကို ဆွေးနွေးညှိနှိင်းဖြေရှင်းသင့်သော်လည်း အင်အားသုံးဖြေရှင်းမှုသည် မှားယွင်းသောဖြေရှင်းမှုဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့အစည်းများအကြား ပြဿနာများသည် မိတ်ဖက်ပဋိပက္ခသာ ဖြစ်သင့်ပြီး ရန်သူအဖြစ်သတ်မှတ်၍ ယခုကဲ့သို့ တိုက်ခိုက်ခြေမှုန်းခြင်းကို လုံးဝလက်မခံဘဲ ပြတ်သားစွာ ရှုံ့ချသည်ဟု Generation Z Army (GZA) ဗဟိုစစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#REDNEWS #RNA #RedNewsAgency

By RNA Editor