ဗိုလ်နဂါး နှင့် BNRA တပ်ဖွဲ့ဝင်များ ဆင်မပိုအိစံ သတ်ဖြတ်မှုအပါအဝင် (၇) မှုဖြင့် တိုင်တန်းခံထားရကြောင်း NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အခြေစိုက်၊ BNRA ခေါင်းဆောင် ဗိုလ်နဂါးနှင့် BNRA တပ်ဖွဲ့ဝင်များသည် ဆင်မပိုးအိစံအား သတ်ဖြတ်ခုတ်ထစ်မီးရှို့မှု၊ အမျိုးသမီးငယ် (၂) ဦးအား သက်ငယ်မုဒိမ်းမှု၊ ပကဖ ရဲဘော် (၁၀) ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ရန်ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်၊ အလောင်းဖျောက်သည့်အမှုအပါအဝင် အမှု (၇) မှုဖြင့် တိုင်တန်းခံထားရသူဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညပိုင်းတွင် NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်ထားသည်။

တိုင်တန်းခံထားရသည့်အတွက် ဗိုလ်နဂါးအး ယင်းမာပင် ပလဖစခန်း (ပ) ၈၉/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ ပုလဲ ပလဖစခန်း (ပ) ၃/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၀၆၊ ယင်းမာပင် ပလဖစခန်း (ပ) ၁၄/၂၆ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)၊ ပုလဲပလဖစခန်း (ပ)၄/၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဗိုလ်နဂါးနှင့် BNRA တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သည့် ရာဇဝတ်ပြစ်မှုများအား သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်ဆောင်ရွက်ရာတွင် ကျူးလွန်သူများအား စုံစမ်းစစ်ဆေးနိုင်ရေးအတွက် လွှဲပြောင်းအပ်နှံပေးရန် အကြောင်းကြားခဲ့သော်လည်း ကျူးလွန်သူများအား လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိခဲ့ကြောင်း၊၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ အကူအညီဖြင့် ရာဇဝတ်ပြစ်မှုကျူးလွန်သည်ဟု တိုင်ကြားခံရသူများအား စုံစမ်းစစ်ဆေးနိုင်ရေး ဖမ်းဆီးထိန်းသိမ်းနိုင်ရန်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ဆောင်ရွက်စဉ် BNRA တပ်ဖွဲ့ဝင်အချို့က အသာတကြည် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ပြန်လည်ခုခံခဲ့သည့်အတွက် ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် BNRA တပ်ဖွဲ့ဝင်ရဲဘော်အချို့ကို လက်နက်များနှင့်တကွ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်အချို့ (၁၅၀) ဦးခန့် သည်လည်း PDF နှင့် ပကဖ များထံသို့ ချိတ်ဆက် အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် လက်နက် အပ်နှံခြင်းများပြုလုပ်လျက် ရှိနေပြီသည်ဟု ထုတ်ပြန်ပြောကြားထားသည်။

NUG/MOD ၏ တစ်ရက်တာ တိုက်ခိုက်မှုအပြီး BNRA ခေါင်းဆောင် ဗိုလ်နဂါးနှင့် မိသားစုသည် လက်နက် (၆) လက်ယူဆောင်ကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၁၈) ရက် ညနေပိုင်းက အကြမ်းဖက်အာဏာသိမ်းစစ်တပ်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။

#REDNEWS #RNA #RedNewsAgency

By RNA Editor