နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၊ စကု၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ပွင့်ဖြူ၊ ကုန်းဇောင်း၊ စလင်း၊ ဆင်ဖြူကျွန်း စသည့်မြို့များမှ ရန်ကုန်သွားသည့် ခရီးသည်တင် နန်းထိုက်တော်ဝင် ယာဉ်မောင်းများသည် ကံပြားရှိအာဏာသိမ်းစစ်တပ်ဂိတ်နှင့်ပေါင်းပြီး ခရီးသွား အမျိုးသားများကို အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲနေကြောင်း မင်းဘူးခရိုင်ရှိပြည်သူများထံမှ သိရသည်။

ရန်ကုန်အလုပ်သွားမည့် လူငယ် (၁၁) ဦးကို ယာဉ်မောင်းများနှင့် ကံပြားရှိစစ်တပ်ဂိတ်တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အဓမ္မပေါ်တာဆွဲခဲ့ကြောင်း၊ စစ်မှုထမ်းကြောင်းပြ ပေါ်တာဆွဲခံရသူများကို တစ်ဦးလျှင် သိန်း ၁၅၀ ဖြင့်ရွေးရန် အသိပေးထားကြောင်း ပေါ်တာဆွဲခံရသည့် လူငယ် (၁၁) ဦးအကြောင်း သိရှိသူတစ်ဦးက ပြောပြသည်။

“နန်းထိုက်တော်ဝင်ကားနဲ့ရန်ကုန်တက်သွားတဲ့ ကလေး ၁၁ ယောက် ကံပြားစစ်ဆေးရေးဂိတ်မှာ ဆွဲခံရတယ်။ ကားသမားတွေနဲ့ စစ်တပ် ဂိတ်တွေက လုပ်စားနေကြတယ်လို့ ကြားနေရတယ်။ တစ်ယောက် သိန်း ၁၅၀ နဲ့ရွေးရမယ်ဆိုတော့ ဘယ်မိဘမှ မရွေးနိုင်ဘူး။ အဲသလိုရွေးသွားမယ်ဆိုရင် ကားသမားတွေလည်း ရတယ်ပြောသံကြားနေရတယ်။ အခုက ခရီးသည်တွေကို အာမခံနဲ့ခေါ်ပြီးတော့ကို ကားသမားတွေ လုပ်စားနေကြတာ” ဟု လူငယ် ၁၁ ဦးပေါ်တာဆွဲခံရမှုဖြစ်စဉ်သိသူတစ်ဦးက Red News Agency ကိုပြောသည်။

နန်းထိုက်တော်ဝန် ယာဉ်ဖြင့် ရန်ကုန်အလုပ်သွားသည့် လူငယ် (၁၁) ဦးသည် လယ်ကိုင်းနှင့် ကျောင်းတော်ရာဘက်မှဖြစ်ကြောင်း၊ မင်းဘူးခရိုင်အတွင်းမှ ရန်ကုန်သွားသည့် လူငယ်များသည် မကွေးမြို့နယ်အတွင်းရှိ ကံပြားစစ်ဆေးရေးဂိတ်တွင် မကြာခဏ ပေါ်တာဆွဲခံနေရကြောင်း သိရသည်။ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများတွင်လည်း ယောက်ျားလေးများအပြင် စစ်မှုထမ်းရန် အရွယ်လွန်နေသူများပါ ရွာပြင်မထွက်ရဲသည့် ကျေးရွာများရှိနေကြောင်း၊ စစ်ကြောင်းအလိုက် ကင်းပတ်ပြီး ရွာပြင်တွေ့သည့်သူများကို ခေါ်သွားမှုများရှိသလို မြို့နယ်မှ စာရင်းကျလာပြီဆိုကာ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးမှုများရှိကြောင်း၊ ကျေးရွာများမှာလည်း လစဉ် စစ်မှုထမ်းကြေးများ ပေးဆောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor