ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

“ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ”

ရန်နိုင်

နေ့စဉ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ သတင်းတွေထဲက ကမ္ဘာ့အင်အားကြီးအုပ်ချုပ်ရေးစနစ် နှစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးတိုရဲ့ အားပြိုင်မှုကြားက သတင်းတခုကို လေ့လာကြည့်ရအောင်ပါ။‘လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်လို့ ခမ်းခမ်းနားနားကိုင်ဆွဲထားတဲ့’ ဒီမိုကရေစီဘက်တော်သားတွေက ‘လူတစ်ဦးတယောက်ရဲ့အခွင့်ရေးကို ဂရုစိုက်လေ့မရှိတဲ့’ အာဏာရှင်ဘက်တော်သားတွေရဲ့ ဆန့်ကျင်ဘက်ဆန်တဲ့ တုန့်ပြန်မှုတွေနဲ့တခါတခါ ကြုံရလေ့ရှိတယ်။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အကျဉ်းသား နှိပ်စက်မှုတွေက လူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရတယ်လို့ ကမ္ဘာတဝှမ်းကလက်ခံခဲ့ကြတယ်။ ဒါကြောင့် လူတိုင်းမှာ အခြေခံအခွင့်ရေးတွေရှိရမယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ (UN) တည်ထောင်ခဲ့ကြတယ်။ လူတိုင်းရနိုင်မယ့် အခြေခံလူ့အခွင့်ရေးအချက် (၃၀) ကို အတည်ပြုပြီး နှစ်စဉ် ဒီဇင်ဘာ ၁၀ ရက်နေ့က လူ့အခွင့်ရေးနေ့အဖြစ် သတ်မှတ်ပြီးနှစ်စဉ်နှစ်တိုင်း လူသားတယောက်ရဲ့ရပိုင်ခွင့် အခွင့်ရေး တွေအကြောင်းကို ဆွေးနွေးကြတယ်။

တဖက်မှာလည်း အာဏာရှင်စနစ်ကိုနှစ်ခြိုက်နေတဲ့ အင်အားကြီးနိုင်ငံတွေကလည်း သူတို့ရဲ့ဘိုးဘေးအမွေ အာဏာရှင်စနစ်ကို ခေတ်နဲ့အညီ အဆင့်မြင့်တင်ကျင့်သုံးဖို့ ကြိုးစားနေကြတယ်။ ကွဲထွက်နေတဲ့အာဏာရှင် ပုံစံမျိုးမဟုတ်ပဲ လူအများနှစ်သက်လက်ခံတဲ့ နိုင်ငံရေးစနစ်ကနေအာဏာရှင်ဆန်တဲ့ပုံစံတွေကို ကျင့်သုံးလာ ကြတယ်။ ပြည်သူ့ဒီမိုကရက်တစ်အစိုးရလို့ ကြွေးကြော်ထားတာက မြောက်ကိုရီးယားပါ။ ဒီမိုကရေစီလို့ လူအများမြင်အောင်သုံးထားပေမယ့် ၎င်းရဲ့အာဏာရှင်ဆန်မှုကတော့ သိသိသာသာမြင်ရမှာပါ။ ဒီမိုကရေစီစနစ်နဲ့ သမ္မတကို ရွေးကောက်တင်မြောက်ထားပြီး နိုင်ငံအာဏာကိုတော့ မလွှတ်တမ်းဆုတ်ကိုင်ထားတဲ့ နိုင်ငံတွေကလည်း ခပ်များများပါ။

Photo : Wai Hun Aung

ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဗီလာရု စတဲ့နိုင်ငံတွေက လူကြိုက်များတဲ့ဒီမိုကရေစီအခြေခံသဘောတရားတွေကို ကျင့်သုံးတယ်လို့ဖော်ပြထားပြီး အာဏာရှင်ဆန်ဆန်အုပ်ချုပ်နေသူတွေပါ။ သမ္မတအဖြစ်က လက်လွှတ်မပေးတော့ပဲ အများသဘောကျတင်မြှောက်ခံထားရတဲ့ သမ္မတအဖြစ်ရပ်တည်နေကြတယ်။ အများလက်ခံစေအောင် ကန့်သတ်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ နိုင်ငံ့အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲထားကြတယ်။ ထိန်းချုပ်ရေးဆွဲထားတဲ့ အခြေခံဥပဒေရဲ့မူတွေနဲ့ သမ္မတရဲ့သက်တမ်းကို သားစဉ်မြေးဆက် ဆွဲဆန့်နေကြတယ်။

ဒီအာဏာရှင်ဆန်တဲ့ နိုင်ငံတွေနဲ့ မဟာမိတ်ဆက်ဆံရေး ပိုကောင်းလာတဲ့ မြန်မာနိုင်ငံစစ်အုပ်စုခေါင်းဆောင်တွေကလည်း ၎င်းတို့ကိုလက်မခံဆန့်ကျင်နေတဲ့ ပြည်သူတွေကို ဖိနှိပ်အာဏာရှင်ရဲ့ အမူအကျင့်တွေကို သိသိသာသာဖော်ပြလာတယ်။ လက်တလောဖြစ်သွားတဲ့ ပြည်သူအပေါ်ဖိနှိပ်သတ်ဖြတ်မှု တခုလည်း ရှိထားသေးတဘ်။ ဒီမိုကရေစီအင်အားစုနိုင်ငံတွေက ကမ္ဘာတဝှမ်းမှာ လူ့အခွင့်ရေးနေ့အဖြစ်လက်ခံပြီး အရေးတယူလုပ်နေတဲ့ရက် ဒီဇင်ဘာ ၁၀ ရက်နေ့ကိုမှ သေသေချာချာရွေးပြီး အရပ်သားတွေကို ဗုံးကြဲသုတ်သင်ခဲ့တယ်။

Photo : Wai Hun Aung

ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲ လုပ်မယ်လို့ကြွေးကြော်ထားတဲ့ စစ်အုပ်စုရဲ့မြောက်ဦးဆေးရုံကို ဗုံးကြဲတဲ့ဖြစ်စဉ်က နိုင်ငံတကာအဖွဲ့အစည်းတွေအတွက်တော့ သာမန်သတင်းထက်ပိုတဲ့ သတင်းတခုပါ။ ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက စစ်အုပ်စုရဲ့ရမ်းကားတဲ့လုပ်ရပ်ကို ထင်ထင်ရှားရှားတွေ့လိုက်ရတာလည်း ဖြစ်သွားပါတယ်။

မြန်မာစစ်အုပ်စုရဲ့ မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတဲ့လုပ်ရက်ကို ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး (Volker Truk) ဗော်ကာထရက်က စစ်ရာဇဝတ်မှုဖြစ်နိုင်တာ ကြောင့် သက်ဆိုင်ရာအဖွဲ့တွေကို စုံစမ်းစစ်ဆေးကြဖို့ တပ်လှန့်လိုက်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ညွှန်ကြားရေးမှုးချုပ်ကလည်း ဒေသတခုလုံးရဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ထိခိုက်စေတဲ့ ‘လူသားမျိုးနွယ် အပေါ်တိုက်ခိုက်မှု’ ပဲလို့ပြောခဲ့တယ်။ UNOCHA က Tom Fletcher ကလည်း ကျန်းမာရေးစောင့်ရှောက်တဲ့ အဆောက်အုံတွေကို တိုက်ခိုက်ခဲ့တာ ၆၇ ကြိမ်မြောက်ဖြစ်ပြီး သာမန်ပြဿနာမဟုတ်ဘူးလို့ တုန့်ပြန်ခဲ့တယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကလည်း ဒီဇင်ဘာ ၁၀ရက်နေ့ တိုက်ခိုက်မှုအတွက် သက်သေတွေစုဆောင်းနေပြီး နိုင်ငံတကာဥပဒေအရကာကွယ်ထားတဲ့ အရပ်ဘက် အဆောက်အအုံကို တိုက်ခဲ့တာကြောင့် နိုင်ငံတကာဥပဒေကို တော့ချိုးဖောက်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တယ်။ ဒေသတွင်းနဲ့အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ပဋိပက္ခဇုန်အတွင်း ဆေးရုံတွေကိုဗုံးကြဲခံရခြင်းက မလွှဲမရှောင်သာတိုက်ခိုက်မှု မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့တယ်။ အာဆီယံဥက္ကဋ္ဌကတော့ အရပ်သားနဲ့ဆေးရုံကိုဗုံးကြဲတာက ဂျီနီဗာကွန်ဗင်းရှင်း ကိုချိုးဖောက်ခဲ့တာလို့ ပြောခဲ့တယ်။ အာဆီယံလူ့အခွင့်ရေး လွှတ်တော်ကိုစားလှယ်အဖွဲ့ APHR ကတော့ လူ့အခွင့်ရေးနေ့မှာ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုအဖြစ် ရှုတ်ချခဲ့တယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကို ICC ကိုလွှဲပြောင်းဖို့ လိုအပ်နေပြီလို့ အသိပေးခဲ့တယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေ IHL ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တာကြောင့် စစ်ရာဇဝတ်မှုနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမြောက်တယ် လို့ ပြောခဲ့တယ်။ ICC ကိုလည်း မြန်မာအရေးမှာဝင်ရောက်စွတ်ဖက်ဖို့လိုအပ်တယ်လို့ ပြောခဲ့တယ်။ NUG လူ့အခွင့်ရေးဝန်ကြီးဌာနကလည်း အသေးစိတ်အချက်လက်တွေ ကောက်ယူပြီးတရားမျှတမှုရဖို့ နိုင်ငံတကာ ထံကို ပေးပို့သွားမယ်လို့ ကြေညာခဲ့တယ်။

ဥရောပသမဂ္ဂကလည်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကိုချိုးဖောက်ခဲ့တာလို့ ပြောခဲ့တယ်။ ကနေဒါနိုင်ငံကလည်း အရပ်သား၊ စာသင်ကျောင်းနဲ့ဆေးရုံဆိုတာ မခွဲခြားပဲ လေကြောင်း တိုက်ခိုက်နေတာတာ ရက်စက်ကြမ်းကြုတ်လွန်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့တယ်။ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကလည်း ရိုဟင်ဂျာနဲ့ ရခိုင်အပါအဝင်ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းအားလုံး အကြမ်းဖက်မှုကင်းဖို့ အရပ်ဘက်အဆောက်အအုံတွေကို ကာကွယ်ပေးဖို့ဖော်ပြခဲ့တယ်။ ဒီလိုအိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း၊ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ မြောက်ဦးဆေးရုံအပေါ် စစ်ကောင်စီဗုံးကြဲတဲ့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွတ်တဲ့စာတွေ အသီးသီးထုတ်ပြန် တာကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ကျေးဇူးတင်တဲ့အကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တယ်။

Photo : Wai Hun Aung

အာရက္ခတပ်တော် AA ကတော့ မြောက်ဦးဆေးရုံကိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပြစ်မှုအတွက်ကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သတ်သူတွေကို ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မယ်လို့ ထုတ်ပြန်ကြေညာပြီး ‘အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတစ်ခု’ လို့ဖော်ပြခဲ့တယ်။ တော်လှန်ရေးအင်းအား စုတွေဘက်ကလည်း မြောက်ဦးဗုံးကြဲဖြစ်စဉ်ကို ပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက် နေကြတယ်။

 

ဒီလိုကမ္ဘာ့အဖွဲ့အစည်းအသီးသီးက ပြင်းပြင်းထန်ထန်သတိပေးတုန့်ပြန်ခဲ့ပေမယ့် စစ်အုပ်စုရဲ့တရားဝင် ထုတ်ပြန်ချက်ကတော့ “ဆေးရုံ၏အသွင်အပြင်အဖြစ် အကာအကွယ်ယူ၍ ဖွင့်လှစ်ထားသည့် စစ်စခန်းတစ်ခု” လို့ ငြင်းချက်ထုတ်ခဲ့တယ်။ AA၊ PDF၊ BPLA၊ အရှိုချင်းစတဲ့ အဖွဲ့တွေက အခြေပြုစခန်း ပုံစံအသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ခဲ့တယ်။ လေယာဉ်နဲ့လာပြီး ဗုံးကြဲရုံလောက်သာ စိုးမိုးထားနိုင်တဲ့စစ်ကောင်စီက မြေပြင်အခြေ နေကို “ခိုင်လုံသော အမာခံသတင်းအရသိရသည်” ဆိုတာက ဟာသတခုလိုပါပဲ။

ခိုင်မာတဲ့သက်သေအချက်လက်မရှိပဲ စစ်ကောင်စီကထုတ်ပြန်ခဲ့ပေမယ့် မြေပြင်မှာတော့အရပ်သားပြည်သူ မိသားစုဝင်တွေရဲ့ ဖြစ်စဉ်အစဆုံးအချက်လက်တွေနဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေက သက်သေခံနေကြတယ်။ သတင်းယူသူတွေ ပရဟိတအဖွဲ့တွေရဲ့ ခိုင်မာတဲ့အချက်လက်တွေနဲ့ အရပ်သားပြည်သူတွေရဲ့အဖြစ်ဆိုးကို ဖော်ပြနေကြတယ်။

သေဆုံးသူအရပ်သား ၃၀ ကျော်နဲ့ ဒဏ်ရာရသူ ၇၀ ကျော်ဆိုတဲ့ သတင်းတွေကို စစ်ကောင်စီရဲ့ တန်ပြန်ကာကွယ်တဲ့ ထုတ်ပြန်ချက်ကလည်း ၎င်းတို့ရဲ့လုပ်နေကျပုံစံအတိုင်းပါပဲ။ ယုံချင်မှယုံ အကြောင်းပြချက် ကတော့ပေးလိုက်တာပါပဲ။ “အကြမ်းဖက်သောင်းကျန်းသူများ၏ ယုံကြည်စိတ်ချရသော မိသားစုဝင်များကို တာဝန်ပေးထားသူများအပြင် ၎င်းတို့ကိုထောက်ခံအားပေးသည့် အမာခံများသာဖြစ်သည်” လို့ စစ်ကောင်စီ တရားဝင် သတင်းအဖြစ်ထုတ်ပြန်ထားတယ်။ ဗုံးကြဲလို့ သေဆုံးသူအားလုံးက အေအေ ရဲ့အမျိုးချည်းပဲလို့ ခိုင်မာမှုမရှိတဲ့ အကြောင်းပြချက်ကို ပေးလိုက်တာပါပဲ။

စစ်အုပ်စုရဲ့သတင်းထုတ်ပြန်ရေးက ခိုင်မာမှုမရှိတဲ့သတင်းကိုထုတ်ပြန်ခဲ့တဲ့အပြင် အကြမ်းဖက် ချေမှုန်းရေး စစ်ဆင်ရေး (Rules of Enganement – ROE) နဲ့အညီ ဆက်ပြီးဆောင်ရွက်သွားမယ်ဆိုတဲ့ ရှေ့ဆက်ပြီးတိုက်ခိုက်သွားမယ်လို့လဲ ခြိမ်းခြောက်ခဲ့သေးတယ်။ တရားဝင်မဟုတ်တဲ့ စစ်တပ်လော်ဘီ သတင်းတွေကတော့ ခြိမ်းခြောက်ရုံမဟုတ်တဲ့ တရားလွန်စကားလုံးတွေနဲ့ ဝါဒဖြန့်နေကြတယ်။

Photo : Wai Hun Aung

“ဒီဆေးရုံမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့ PDF တွေသာ တက်နေတယ်” ဆိုတဲ့ဝါဒဖြန့်အသုံးတွေက သူတို့ကိုယ်တိုင် ဂျီနီဗာကွန်ဗင်းရှင်း ကို နားမလည်ဘူးဆိုတာ သိသာစေတယ်။ ဒဏ်ရာရလို့ဆေးကုနေတဲ့ရန်သူကို သတ်ဖြတ်ရတာကို စစ်တပ်လော်ဘီတွေက အားရ ကျေနပ် နေကြတယ်။ တခြားစစ်သွေးကြွတဲ့ စစ်တပ်လော်ဘီတွေကတော့ သွေးကြွေးဆပ်လိုက်ရတယ်ဆိုတဲ့ ဝါဒဖြန့်အသုံးတွေကို တွင်တွင်ကျယ်ကျယ်ဖြန့်နေကြတယ်။ ရုပ်သံအဟောင်းတွေ၊ ပုံအဟောင်းတွေသုံးပြီး သွေးကြွေးဆပ်လိုက်ရ လို့ ကျေနပ်နေတယ်လို့လည်း ဝါဒဖြန့်နေကြတယ်။ ကျောက်တော်ဖြစ်စဉ်မှာ လက်နက်မချတဲ့ စစ်သင်္ဘောပေါ်က တပ်မိသားစုဝင်တွေ ရေနစ်သေတဲ့ ပို့စ်အဟောင်းတွေကို ပြန်ဖော်ပြပြီး “တပ်မိသားစုတွေ သေရတယ်” ဆိုတဲ့စကားလုံးတွေနဲ့ ဝါဒဖြန့်နေကြတယ်။

“သွေးကြွေးဆပ်ဖို့အတွက် တပ်မတော်မျိုးဆက်လိုက်မှာ တာဝန်ရှိနေလို့ရခိုင်ဟာ မြေကျန်ရင်ကံကောင်း တယ်လို့မှတ်ထားပေးပါ” ဆိုတဲ့ ကျင့်ဝတ်သိက္ခာမရှိတဲ့ စကားလုံးတွေသုံးပြီး ဝါဒဖြန့်နေကြတယ်။ ဒီထက်ပိုပြီး တိုက်ခိုက်လာအုံးမယ်ဆိုတဲ့ အရေးအသားတွေနဲ့လည်း လော်ဘီတွေက ဖြန့်နေကြတယ်။ “မြောက်ဦးဆေးရုံမှာ သေသွားတဲ့ AA မ-tarတွေ အသက်တောင်ပြည့်ရဲ့လား မသိ” ဆိုတဲ့ ပို့စ်တွေကလည်း တယ်လီဂရမ်မှာ ဗုံးကြဲဖြစ်စဉ်အပြီး နောက်နေ့တွေမှာ ဆက်တိုက်ဖြန့်နေကြတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ်ကိုလည်း တခြားနိုင်ငံအရေး (အစ္စရေး) တွေနဲ့ အစားထိုး အပြစ်တင်နေတယ်။ တခြားနိုင်ငံကလည်း အပြစ်မဲ့ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးကြဲနေတာပဲဆိုတဲ့ အရေး သားတွေနဲ့ တုန့်ပြန့်နေကြတယ်။ “တပ်မတော်ဆေးရုံတွေကို အကြမ်းဖက်တွေ အလုံးအရင်းနဲ့ဝင်လုံး လူနာတွေ ဆရာဝန်တွေဖမ်းဆီး ခေါ်ဆောင်သွားတုန်းက မင်းတို့တုန်လှုပ်ဖို့နေတာလား” ဆိုတဲ့အရေးအသားတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ပြောဆိုတဲ့ သတင်းဓါတ်ပုံတွေသုံးပြီး ဖြန့်နေကြတယ်။

မြောက်ဦးဗုံးကြဲမှုအပေါ်မှာ အထိန်းအကွက်မရှိ ရေးသားဖြန့်ဝေနေတဲ့ စစ်တပ်လော်ဘီတွေရဲ့သတင်းတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ သာမန်ပြည်သူကဝင်ရောက် ကြည့်ရှုတာမရှိပေမယ့် စစ်တပ်ထောက်ခံသူ စစ်တပ်မိသားစုဝင်အချိုနဲ့ စစ်တပ်လော်ဘီတွေကတော့ ၎င်းတို့အချင်းချင်းပဲ ရေးလိုက်/ဖြန့်လိုက် လုပ်နေကြတယ်။ အချင်းချင်း ကိုးကားမျှဝေနေကြတယ်။
ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ မမြင်ဝံ့သာတဲ့ ရုပ်အလောင်းတွေ၊ ရက်သားအရွယ်ကလေးငယ် အလောင်းတွေနဲ့ သေဆုံးသူမိသားစုတွေရဲ့ ဝမ်းနည်းငိုကြွေးနေတဲ့ ရုပ်သံတွေကပျံ့နှံ့နေကြတယ်။ ပြန်ရှာမရတော့တဲ့ မိသားစုဝင် ရုပ်အလောင်းတွေအတွက် ချုံးပွဲချငိုကြွေးနေတဲ့အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရခိုင်ပြည်သူတွေက မြောက်ဦးဗုံးကြဲမှုမှာ ပူဆွေးနေကြတယ်။

“အစာအိမ်ရောဂါနဲ့ဆေးရုံလာတတ်တဲ့ ယောက္ခမလည်းပါသွားတယ်။ လူနာစောင့် ၃ ယောက်လည်းအတူ သေသွားတယ်” လို့ မိသားစုဝင် ၅‌ယောက် ဆေးရုံဗုံးကြဲတဲ့အထဲပါသွားတဲ့ အမျိုးသမီးတယောက်က DMG မီဒီယာမှဖြေထားတယ်။ “ရခိုင်တပြည်လုံးမှာ အကုန်လုံးပိုက်ဆံတတ်နိုင်လို့ဆေးရုံတက်နေရတာမဟုတ်ပါ။ ဒီလိုမတရားလုပ်ရပ်ကို နိုင်ငံတကာကို သိစေချင်ပါတယ်”လို့လည်း မျက်ရည်မကျအောင် ကြိတ်ရှိုက်ရင်းပြောပြခဲ့တယ်။

ဒီလို ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ။

Photo : Wai Hun Aung

ကမ္ဘာ့ဒီမိုကရေစီအရေးကို စောင့်ကြည့်သုတေသန လုပ်နေတဲ့ ဆွီဒင်အခြေစိုက် V-Dem အဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင်လည်း ကမ္ဘာ့လူဦးရေရဲ့ ၇၂ ရာနှုန်းက အာဏာရှင်လက်အောက်မှာ နေနေကြရတယ်။ ၂၀၂၄ နဲ့ ၂၀၂၅ အတွင်းမှာပဲ နိုင်ငံ ၁၈ နိုင်ငံက ဒီမိုကရေစီစနစ်ကနေ အာဏာရှင်စနစ်ဆီကို နောက်ပြန်သွားနေတယ်လို့ အစီရင်ခံဖော်ပြထားတယ်။ ဒီမိုကရေစီနိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေသာထုတ်ပြီး အရေးယူမှုအားနည်းတဲ့အခြေနေကလည်း ထင်သာမြင်သာရှိနေပါတယ်။ ဒီလိုအခြေနေကို အခွင့်ကောင်းယူတဲ့ အာဏာရှင်မိတ်ဖတ်နိုင်ငံတွေက ၎င်းတို့ရဲ့လူသားချင်းမစာနာတဲ့ လုပ်ရပ်တွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ပေါ်ပေါ်တင်တင် လုပ်လာနေတယ်။

“မြန်မာပြည်သူတွေ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရပြီဆိုတဲ့အချိန်ကျမှသာ ‘ငြိမ်းချမ်းရေး’ ကဖြစ်လာမှာပါ” လို့ လူ့အခွင့်ရေးနဲ့လုံခြုံရေးဆိုင်ရာအကြံပေး မစ္စ Kelley Currie က အမေရိကန်အောက်လွှတ်တော်မှာပြောခဲ့တယ်။ ဒီတော့ အာဏာရှင်မြန်မာစစ်ခေါင်းဆောင်တွေက မြန်မာပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေ လူသားချင်းစာနာမှုမရှိတဲ့လုပ်ရက်တွေကို ဆက်လုပ်နေအုံးမယ့်အသွင်ရှိနေပါတယ်။ ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ အရေးယူမှုမထိရောက်သေးတဲ့အချိန်မှာ မြန်မာ့အရေးကိုမြန်မာတွေအချင်းချင်းပဲ ထိထိရောက်ရောက် ကူညီပေးလို့ ရတော့မှာပါ။ ဒီမိုကရေစီ နိုင်ငံတွေရဲ့မူဝါဒတွေကို အာဏာရှင်ဆန်တဲ့နိုင်ငံတွေက ပေါ်ပေါ်တင်တင်ချိုးဖောက်နေတာ အရှိတရားတခုဖြစ်နေပေမယ့် ဒီအရေးကိုလက်တွေ့ခံနေကြရတဲ့ ရခိုင်ပြည်သူတွေနဲ့အတူ မြန်မာတနိုင်ငံလုံးကပြည်သူတွေအချင်းချင်း ကူမှပဲအကျိုးရလာဒ်က သိသာလာမှာပါ။

#RedNewsAgency #RNA #RedNews

By RNA Editor