ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီးတို့ ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၅ခုနှစ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ ဒီဇင်ဘာ (၁၆) ရက်နေ့ နံနက် (၁) နာရီကျော်တွင် ဆားခဲကျေးရွာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရမှုသည် အာဏာသိမ်းစစ်အုပ်စု စိုးမိုးနယ်မြေမဟုတ်သည့်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာမကြီးတို့နေအိမ်ပေါ်ထိ တက်ရောက်ကာ ဓားတ်ဖြင့် လုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် မြို့နယ်ပညာရေးအဖွဲ့အလုံးစုံပျက်စီးအောင် လုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး လုံခြုံရေးအထပ်ထပ်ရှိနေသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့်အတွက် သာမာန်အရပ်သားများ လုပ်ကြံနိုင်မည်မဟုတ်ဟုလည်း ဖြစ်စဉ်သိသူတစ်ဦးက ပြောပြထားသည်။

ဒေသတွင်း ကလေးငယ်များ၏ ပညာရေးနှင့် စာတတ်မြောက်ရေးအတွက် ရှေ့တန်းမှ ဦးဆောင်ကြိုးပမ်းနေသော ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ နေအိမ်အတွင်း ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့်အတွက် ကျူးလွန်သူ တရားခံများအား ဖမ်းဆီရမိရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ဦးဆောင်၍ မဟာမိတ် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်လျက်နေသည်ဟုလည်း ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) ထုတ်ပြန်ထားသည်။

အပြစ်မဲ့ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းကောင်း ပညာရေးဝန်ထမ်းများအား ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခြင်းသည် လူမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အတွက် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ပြစ်မှုကျူးလွန်သူများအနေဖြင့် မည်သည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်သည်ဖြစ်စေ အစွမ်းကုန် လိုက်လံစုံစမ်း ဖော်ထုတ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖောပြထားသည်။

#RNA #REDNEWS #RedNewsAgency

By RNA Editor