RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာခံ အသက် ၇၂ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ (၂) ရက်ဆက်တိုက် အဓမ္မပြုကျင့်သွားသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ ကညုံကျွန်းရွာတွင် တပ်စွဲခဲ့ကြောင်း၊ စစ်ကြောင်းဝင်လာချိန် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ကြသော်လည်း ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန်နှင့် အဆိုပါ အမျိုးသမီးကိုယ်တိုင် အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့်အတွက် မတိမ်းရှောင်တော့ဘဲ နေအိမ်မှာ နေကျန်ရစ်ခဲ့သည့်အချိန်တွင် အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်သားသည် အဆိုပါအမျိုးသမီးကြီးအား ခင်ပွန်းရှေ့တွင်အပါအဝင် နှစ်ရက်ဆက်တိုက် ငါးကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အဓ္ဓမပြုကျင့်ခဲ့သည့် အကြမ်းဖက်စစ်သားမှာ အသက် ၄၀ ကျော်အရွယ်ရှိပြီး အထက်အရာရှိများမှ အဆိုပါ အကြမ်းဖက်စစ်သားအား ‘ဖိုးချေ’ ဟု နာမည်ခေါ်ဆိုသည်ကို ကြားရသည်ဟု ကျူးလွန်ခံရသည့် အမျိုးသမီးက နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)ကို ပြောကြားထားသည်။
ယုတ်မာအောက်တန်းကျစွာ ကျူးလွန်ခံရသည့် အမျိုးသမီးကြီးအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းစိတ်ဆိုင်ရာကျန်းမာရေး အခြေအနေများ ကျဆင်းလျက်ရှိပြီး အထူးစောင့်ရှောက်ရန်လိုအပ်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်၏ ယခုလို ကျူးလွန်မှုအပေါ် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA