လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင်ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးမှာလည်းပါဝင်

RNA_ဧပြီ(၂၉)၊၂၀၂၅ခုနှစ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင် ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးများတွင်လည်း ပါဝင်ပြီး လှုပ်ရှားနေသူဖြစ်ပြီး ကွယ်လွန်သည်အထိ တော်လှန်ရေးအတွက် ပေးဆပ်သွားသူဖြစ်သည့်အတွက် လေးစားဂုဏ်ယူရသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ခေါင်းဆောင် ကိုအောင်စံရှားက ပြောသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (အသက် ၄၅ နှစ်)သည် ဧပြီလ (၂၇) ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဧပြီလ (၂၈) ရက်နေ့မှာ အမိန့်ပြန်ခြင်း၊ အာဇာနည်အဖြစ် ရဲဘော်များက အလေးပြုခြင်းစသည် အခန်းအနား တို့ကိုပြုလုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

 

“အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြစစ်ဆင်ရေးတွေမှာ သန်လျင် ပကဖတာဝန်ခံအနေနဲ့ မြို့မှာနောက်ဆုံးအချိန်ထိ လူငယ်တွေနဲ့အတူ စစ်ဆင်ရေးတွေလုပ်ခဲ့တယ်။ တောထဲရောက်ရောက်ချင်း ကျွန်တော့်ကိုလာတွေ့တယ်၊ အဲဒီမှာ တပ်တခုခိုင်ခိုင်မာမာဖြစ်ဖို့ ရောက်လာတဲ့လူငယ်တွေကို ပံ့ပိုးကူညီပေးဖို့အကြံပြုတော့ သူအဲ့အတိုင်းပဲ ခုအထိလုပ်သွားတယ်။ သူကလက်ရှိ ရန်ကုန်တိုင်း ပကဖ တိုင်းဦးစီးအဖွဲ့ရဲ့ လေ့ကျင့်ရေးတာဝန်ခံပါ။ သူရော သူ့ရဲဘော်တွေရော ကျွန်တော်တို့နဲ့အတူ ပဲခူး-ရန်ကုန် စစ်ဆင်ရေးမှာပါမယ်ဆိုပြီး လိုက်လာခဲ့ကြတာ” ဟု ကိုအောင်စံရှားက ပြောသည်။

ဦးနေလင်းအောင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များ စုစည်းပြီး လွှတ်တော်လုပ်ငန်းစဉ်များဖော်ဆောင်ရာတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့ရုံမက ခုခံစစ်အဖြစ် တော်လှန်ရေးတာဝန်များကို ထန်းဆောင်ရာတွင်လည်း တော်လှန်ရေးနယ်မြေများ၌ ကိုယ်တိုင်ဦးဆောင် ပါဝင်ထမ်းရွက်ခဲ့သူဖြစ်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် ပြည်သူက တာဝန်အပ်နှင်းထားသော နိုင်ငံရေးတာဝန်များအပြင် သမိုင်းပေးတာဝန်ဖြစ်သည့် တော်လှန်ရေး တာဝန်များကိုပါ နောက်ဆုံးထွက်သက်အထိ တာဝန်ကျေပွန်စွာ ရွပ်ရွပ်ချွံချွံထမ်းဆောင်သွားသည်ဟု ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ဧပြီ (၂၇) ရက်နေ့က ထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor