SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

RNA_ဇူလိုင်(၅)၊၂၀၂၄ ခုနှစ်။

ရှမ်းမြောက်၊ တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ သီပေါမြိုနယ်တွင် 1027 စစ်ဆင်ရေးအပိုင်း(၂)အတွင်း PSLF/TNLA က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဥ် သီပေါမြို့နယ် ရေပူရွာအနီးတွင် ယနေ့ နံနက်ပိုင်းက SSPP/SSA ရဲဘော်များ ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ မြိုနယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင် ကျဆုံးပြီး ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်းမှ TNLA ရဲဘော်များ။

သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင် ဉီးဆောင်ပြီး မိုင်းအလင်း၊ မိုင်းအညီ (အညံမ်း)နှင့် မိုင်းထွန်းအေးတို့ (၄)ဉီးသည် စစ်သုံ့ပန်းများအား  ခေါ်ဆောင်လာစဉ် ရေပူရွာအနီးတွင်လမ်းဘေး ဘုန်းကြီးကျောင်းဝင်းတွင် အသင့်စောင့်ဆိုင်းနေသည့် SSPP/SSA တပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း၊ သီပေါမြို့နယ်မှူးအဖွဲ့အား ပစ်ခတ်မှုကြောင့် TNLA တပ်ဖွဲ့များ ရောက်ရှိကာ ဖြေရှင်းရန်ကြိုးပမ်းစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ : ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်းမှ TNLA ရဲဘော်များ။

ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP/SSA မှ PSLF/TNLA တပ်ဖွဲ့အား စတင်ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း၊ နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးသည်ကို သက်ဆိုင်ရာခေါင်းဆောင်များဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By RNA Editor