စစ်အုပ်စုအတွင်း ဗလောင်းဗလဲ အပြောင်းအလဲများ 

“ပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း အနားပေးခံရကာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီးရာပြည့်သည် ဦးသန်းရွှေလက်ထက်က တိုင်းမှူး တာဝန်ပေးခံရသူဖြစ်ခဲ့သလို လက်ရှိ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တွင် အတူတက်ရောက်ခဲ့သူ”

ငြိမ်းမောင် 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသော စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒုဗိုလ်ချုပ်ကြီးများဖြစ်သည့် စိုးထွဋ်နှင့် မိုးမြင့်ထွန်းတို့မပါတော့ပေ။ ထိုစစ်ကောင်စီအပြောင်းအလဲပြုလုပ်ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်သို့ ရောက်ရှိနေလေသည်။

စစ်အုပ်စုက ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးနှင့်ပတ်သက်၍ ပြန်ဆက်ရမည်ဆိုလျှင် စစ်ကောင်စီသည် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်စားမှု၊ ဒေါ်လာအရောင်းအ၀ယ် မသမာမှု၊ ပို့ကုန်သွင်းကုန်ကိစ္စများနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးကာ နေအိမ်နှင့်ပိုင် ဆိုင်မှုများကို သိမ်းဆည်းလိုက်ပြီဟု သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီ အဖွဲ့၀င်အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းလည်းဖြစ်သည်။ အလားတူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ခေါ်ယူစစ်‌ဆေးပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးရာထူးမှ ဖယ်ရှားကာ စစ်ဘက်သို့ပြန်လည်ခေါ်ယူခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ မင်းအောင်လှိုင်၏ ယုံကြည်အားထားရသူဖြစ်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းသောညက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးကို သွားရောက်ဖမ်းဆီးသည့် အဖွဲ့ကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည်လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီလိုလားသူ အရပ်သားနှစ်ဦးတို့ကို ကြိုးပေးကွပ်မျက်ခဲ့ရာတွင် အနီးကပ်ကြီးကြပ်ခဲ့သူဖြစ်သည်။ 

ပြီးခဲ့သည့် သြဂုတ်လပိုင်းတွင်ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ၁ ရဲ့ ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပြီး ထိုနေရာကို စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဦးဆောင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြောင်းလဲခန့်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း အနားပေးခံရကာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီးရာပြည့်သည် ဦးသန်းရွှေလက်ထက်က တိုင်းမှူး တာဝန်ပေးခံရသူဖြစ်ခဲ့သလို လက်ရှိ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တွင် အတူတက်ရောက်ခဲ့သူလည်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက မိုးမြင့်ထွန်းတာဝန်ယူထားသည့်  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန် ရေးဗဟိုကော်မတီ ၃ ခုကို ဗိုလ်ချုပ်ကြီးမြထွန်းဦးကို တာဝန်ပေးခဲ့သည်။ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိ ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်းရေလေ)၊ ကာကွယ်ရေးဝန်ကြီးနှင့်နောက်ဆုံး  ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးတာဝန်ယူခဲ့သူဖြစ်သည်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏လူရင်း ဖြစ်နေသည်။

ယခု စစ်ကောင်စီကို အဖွဲ့ဝင် ၁၈ ဦးဖြင့် ပြန်ဖွဲ့ကြောင်း စက်တင်ဘာ ၂၅ ရက်ကထုတ်ပြန်ရာတွင် ထိုဒုဗိုလ်ချုပ်ကြီးနှစ်ဦးကို အဖွဲ့ဝင် အဖြစ်မှ ဖယ်ရှားပစ်ခဲ့သည်။လစ်လပ်သွားသော စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး၏ နေရာတွင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်‌ကြီးမောင်မောင်အေး၊ စစ်ထောက်ချုပ်ရုံး အရန်အင်အား ဖြစ်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ကို ခန့်အပ်ခဲ့သည်။ ထိုဒုဗိုလ်ချုပ် နှစ်ဦးမှာစစ်ခေါင်းဆောင်၏ အကြံပေးများ ဖြစ်နေပြန်သည်။ ထိုနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်သစ်အဖြစ် ခန့်အပ်ခြင်းကိုလည်း အာဏာရှင်ဟောင်းဦး​သန်းရွှေ လောင်းရိပ် မကင်းသော သူ နှစ်ဦးကိုခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

စစ်ကောင်စီအဖွဲ့ဝင်သစ်ဖြစ်သည့် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဖြစ်ပြီး  စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ဗိုလ်မှူးချုပ် ရာထူးဖြင့်နေပြည်တော် စစ်ဌာနချုပ် တိုင်းမှူး ခန့်အပ်ခဲ့သော သန်းရွှေသဘောကျခဲ့သည့် စစ်ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်သည်။

စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပေးထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးရာထူးကိုလည်း စစ်ကောင်စီက ပြန်လည်ရုတ်သိမ်းခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်ဆက်စပ်၍ ဖမ်းဆီးစစ်ဆေးခံရသူ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အစားထိုးခဲ့သည်။ စီး/ကူးဒု၀န်ကြီး ဦးညွန်အောင်ကိုမူ ရာထူးက အနားပေးခဲ့သလို အနားပေးခဲ့ရသည်ဒုဝန်ကြီး ဦးညွန့်အောင်သည် စစ်တက္ကသိုလ်အပတ်စဉ်-၃၀ (DSA-30) ကျောင်းဆင်း တဦးဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ညာလက်ရုံးဖြစ်သည့်ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်တူ သူငယ်ချင်းများ ဖြစ်နေပြန်သည်။

စစ်အုပ်စုအတွင်း ထိုဖြစ်စဥ် ဖြစ်ရပ်များသည်ကား လပိုင်း ရက်ပိုင်းအတွင်း အပြောင်း အလဲဖြစ်သည်။ အဖြစ်အပျက်များအရ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်လက်ထက် အာဏာအကန့်အသတ်ရှိနေပါသည်။ ယနေ့ရွှေထီးဆောင်းနေသော်လည်း နောက်နေ့ သံတိုင်ကြားများ ပိတ်လှောင်မှု ဖမ်းဆီးထောင်ချခံရမှုများကြုံတွေ့ရမည့် အနိစ္စသဘောဖြစ်သည်။ စူပါဗိုလ်ချုပ်ပဲဖြစ်ဖြစ် တပ်ချုပ်အလောင်းအလျာပဲဖြစ်နေပါစေ နောက်တစ်နေ့ စီးပွားပျက် ဘဝပျက်သွားရမည့် အခြေအနေဆိုက် ရောက်သွားနိုင်ချေရှိနေသည်။ မင်းခယောကျာ်း ကမ်းနားသစ်ပင် ဆိုစကားအတိုင်းပင် ဖြစ်နေပါသည်။ 

အဂတိအကြောင်းပြ လူစားလဲလိုက် သူ့လူကိုယ့်ဘက်သား ဆွဲခန့်လိုက်ဖြင့် အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲနေကြပြီဖြစ်သည်။ လူယုံမွေးလိုက် ထိုးကြွေးလိုက်ဖြင့် အချင်းချင်း မယုံကြည်ကြတော့သည့် အခြေအနေဖြစ်သည်။ ရာထူးဖြုတ်ချလိုက် အဖွဲ့ဝင် အဖြစ်က ဖယ်ရှားလိုက်ဖြင့် စစ်အုပ်စုအတွင်း ဖရိုဖရဲ ဖြစ်နေကြပြီ။ ထိုအခြေအနေ တပ်တွင်းပုန်ကန်မှုများ အကြမ်းဖက် စစ်ကောင်စီတပ် အကြီးအကျယ် အကြပ်ရိုက်နေပြီဟု သုံးသပ်လျက်ရှိနေပါသည်။ သေချာသည့်အချက်မှာ စစ်အုပ်စုအတွင်း ထိုင်ခုံနေရာဗလောင်းဗလဲဖြစ်နေခြင်းမှာ တိုင်းပြည်းနှင့်လူမျိုးအတွက် ဘာတစ်ခုမှ အကောင်းဘက်ကို ဦးတည်စေသည့် အပြောင်းအလဲမဟုတ်၊ လူထုအနေဖြင့် ဘေးကနေ စောင့်ကြည့်နေရုံမျှသာ။ ။ 

#RedNewsAgency

By Editor