Author: RNA Editor

  • လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကိုယ်တိုင်ကျူးလွန်သူ/အမိန့်ပေးစေခိုင်းသူများတာဝန်ခံမှုရှိစေရန် ကုလသမဂ္ဂအဖွဲ့များ တိုက်တွန်း

    လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကိုယ်တိုင်ကျူးလွန်သူ/အမိန့်ပေးစေခိုင်းသူများတာဝန်ခံမှုရှိစေရန် ကုလသမဂ္ဂအဖွဲ့များ တိုက်တွန်း

    ရန်ကုန်၊ ဇွန်လ ၁၇ ရက်

    လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကိုယ်တိုင်ကျူး လွန်သူများ နှင့် အမိန့်ပေးစေခိုင်းသူများအပါ အဝင် တာ ဝန်ရှိသူများကို တာဝန်ခံမှုရှိစေရန် မြန်မာနိုင်ငံရှိကုလ သမဂ္ဂအဖွဲ့များမှ ယနေ့ တိုက်တွန်းထားသည်။

    ထို့အပြင် လူ့အခွင့်အရေးများဆိုင်ရာ ဝန်းကျင်အခြေအနေ လျင်မြန်စွာ ယိုယွင်းကျဆင်းလာမှုအပေါ် စိုးရိမ်ထိတ်လန့်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များ သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့အခွင့်အရေးများဆိုင်ရာ ဝန်းကျင်အခြေအနေ လျင်မြန်စွာ ယိုယွင်း ကျဆင်းလာမှုကို ဖော်ကျူးနေသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် အထိတ် တလန့်ဖြင့် စိုးရိမ်ပူပန်လျက် ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

    ဖြစ်ရပ်တစ်ခုမှာ မြဝတီမြို့နယ် (ကရင်ပြည်နယ်) တွင် လူ (၂၅) ဦး၏ ရုပ်ကြွင်းများကို မြှုပ်နှံထား သည့် နေရာနှစ်ခုအား တွေ့ရှိရခြင်း ဖြစ်ပြီး ထိုသူများသည် ကရင်အမျိုး သားကာကွယ်ရေးအဖွဲ့ (KNDO) မှ မေလ (၃၁) ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများ ဖြစ်သည်ဟုဆိုသည်။

    နောက်ဖြစ်ရပ် တစ်ခုတွင် ရရှိသည့် သတင်းများအရ ဇွန် လ (၁၅) ရက်နေ့က လုံခြုံရေးတပ်ဖွဲ့များသည် ပေါက်မြို့နယ် (မကွေး တိုင်းဒေသကြီး) ရှိ ကင်းမရွာတွင် လူ နေအိမ်ခြေပေါင်း ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူ နှစ်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းပင် ဖြစ်ကြောင်း ဖော်ပြထားသည်။

    လက်ရှိအကျပ်အတည်းတွင် ပါဝင်ပတ်သက် နေသူများအားလုံးအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံများနှင့် စံချိန်စံညွှန်းများကို လေးစားလိုက်ကြရန် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများက ထပ်လောင်းတိုက်တွန်းထားသည်။

    နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို လိုက်နာမှုဟု ဆိုရာတွင် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုများအတွင်း အ ရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက် အအုံများကို ထိခိုက်မှုများ နည်းနိုင်သမျှအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရမည့် တာဝန်နှင့် ရပ်ရွာလူထုများ၊ မိသားစုများ သို့မဟုတ် လူပုဂ္ဂိုလ်များအပေါ် သိမ်းကျုံးရောနှော၍ အပြစ်ပေးခြင်းကို တားမြစ်ရန် တာဝန်တို့အား စောင့်ထိန်းခြင်းလည်း ပါဝင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    Red News Agency

  • ‌နွေဦးတော်လှန်ရေးအတွင်း မြင်းခြံမြို့က အာဇာနည် ၃၀ ဦးရှိ

    ‌နွေဦးတော်လှန်ရေးအတွင်း မြင်းခြံမြို့က အာဇာနည် ၃၀ ဦးရှိ

    မြင်းခြံ၊ ဇွန် ၁၂ ရက်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုမှစပြီး ဇွန်လ ၁၂ ရက်နေ့အထိ မြင်းခြံမြို့နယ်အတွင်း နွေဦးတော်လှန်ရေးကာက ကျဆုံးအာဇာနည်သူရဲကောင်း ၃၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

    ဇွန်လ ၁၂ ရက်နေ့တွင် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ကျဆုံးစာရင်းများ ထုတ်ပြန်ခဲ့ရာ ဇင်ကိုကိုဇော်သည် မြင်းခြံမြို့တွင် ပထမဆုံး အသက်ဆုံးရှုံးခဲ့ရသူအဖြစ် မှတ်တမ်းရှိပြီး အမှတ်စဥ် ၁ ဦးသောင်းထွန်းဦးသည် ယနေ့အထိ နောက်ဆုံး အသက်ဆုံးရှုံးခဲ့ရသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ ကျဆုံးစာရင်း ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး လွဲမှားမှု၊ ကွဲလွဲမှု၊ ဖြည့်စွက်လိုမှု တစ်စုံတရာရှိပါက ကော်မတီ FB Page သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

    ၁။ဦးသောင်းထွန်းဦး
    အသက် ၄၄နှစ်
    အမှတ်(၁၅)၊မြင်းခြံမြို့။
    ၁၈.၄.၂၀၂၁နေ့တွင် တောင်ဈေးတောင်ဖက်လမ်း၌ စခမှပစ်ခတ်၍ တံခါးထပိတ်စဉ် ဦးခေါင်းထိမှန်ခဲ့၍ မေလ၁၆ရက်နေ့တွင် ဆုံးပါးသွားခဲ့ရသည်။

    ၂။ကိုဇင်ကိုထွန်း
    အသက် ၂၂ နှစ်
    ညောင်တိုရွာ၊ မြင်းခြံမြို့။
    ၁၃.၅.၂၀၂၁ တွင် တလုပ်မြို့၌ စကစ၏ ပစ်ခတ်ဖမ်းဆီးခံရ၍ လက်မောင်းကျည်ထိ ဖမ်းဆီးခံရသည့်နေ့တွင် စစ်ကြောရေး၌ကျဆုံးခဲ့သည်။

    ၃။မောင်ထက်အောင်(ခ)ဖိုးချစ်
    အသက် ၁၅နှစ်ခန့် ၉တန်းကျောင်းသား
    လယ်သစ်ရွာ၊မြင်းခြံမြို့။
    ၇.၅.၂၀၂၁ တွင် စကစ၏ လယ်သစ်ရွာအတွင်းဝင်ရောက် ပစ်ခတ်မှုကြောင့် ဦးခေါင်း သေနတ်ကျည်ထိမှန်ကျဆုံး

    ၄။ မောင်ကို
    အသက် ၂၁
    ဘုရားလှရွာ၊မြင်းခြံမြို့။
    ၁၅.၄.၂၀၂၁ နေ့တွင် လေးအိမ်တန်းတာဘောင်အနောက်ဖျားတွင် ဗုံးကွဲ၍ ကျဆုံးခဲ့သည်။

    ၅။ ကိုဇော်ဝေ
    အသက် ၄၂နှစ်
    ဘုရားလှရွာ၊မြင်းခြံမြို့။
    ၁၅.၄.၂၀၂၁ နေ့တွင် လေးအိမ်တန်းတာဘောင်အနောက်ဖျားတွင် ဗုံးကွဲ၍ ကျဆုံးခဲ့သည်။

    ၆။ ကိုဂတုံး
    မြင်းခြံ။
    ၁၅.၄.၂၀၂၁

    ၇။ကိုကျော်ရဲနိုင်
    မြင်းခြံမြို့။
    ၁၄.၄.၂၀၂၁

    ၈။ကိုပြည့်ဖြိုးမောင်(ခ)တရုတ်ကြီး
    အမှတ်(၄)မြင်းခြံမြို့။
    ၂၇.၃.၂၀၂၁နေ့တွင် ဆီးခုံးကျည်ထိခဲ့ပြီး
    ၁၄.၄.၂၀၂၁နေ့တွင်ကျဆုံးခဲ့ပါသည်။ (edited)

    ၉။ကိုဇော်ဟိန်းထွန်း(ခ)ဇော်ကြီး
    အသက် ၃၁နှစ်
    အမှတ် ၆၊ မြင်းခြံမြို့။
    ၂၉.၃.၂၀၂၁နေ့တွင် လမ်းမတော်ထိပ်တွင် ရင်ဘတ် သေနတ် ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည်။

    ၁၀။ဦးနိုင်နိုင်ဦး
    အသက် ၅၁နှစ်
    အမှတ် ၁၄၊မြင်းခြံမြို့။
    ၂၇.၃.၂၀၂၁နေ့တွင် အမှတ် ၁၅ရုံးအနီး ဆီးခုံကျည်ထိမှန်သော ဒဏ်ရာဖြင့် ၁.၄.၂၀၂၁ မန္တလေး၌ ကျဆုံးခဲ့သည်။

    ၁၁။ကိုဝေလွင်ဦး(ခ)အာပနား(ခ)အာကြီး
    အသက် ၂၁နှစ်
    အမှတ် ၂၊ မြင်းခြံမြို့
    ၂၉.၃.၂၀၂၁နေ့တွင် ဒေါ်ခင်ထူးထမင်းဆိုင်လမ်းထိပ်၌ ချက်တည့်တည့် သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည်။

    ၁၂။မောင်သူထူးစံ(ခ)ကဖီး
    အသက် ၁၈နှစ်
    အမှတ် ၁၂၊ မြင်းခြံမြို့။
    ၂၉.၃.၂၀၂၁နေ့တွင် ဘုရားလမ်း သပြေပင်ကျောင်းလမ်း၌ နောက်စေ့နှင့် နှာခေါင်းတို့အား သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည်။

    ၁၃။ကိုကျော်မင်းဇင်
    အသက် ၃၃နှစ်
    အမှတ် ၁၁၊မြင်းခြံမြို့။
    ၂၉.၃.၂၀၂၁နေ့တွင် ဘုရားလမ်း၌ ရင်ဘတ်၊ ပေါင်နှစ်ဖက်၊ လက်မောင်းနှင့် ဖနောင့်တို့အား သေနန်ကျည်များထိမှန်၍ ကျဆုံးခဲ့သည်။

    ၁၄။ မဇင်မာအောင် (ခ)ဇင်ပု
    အသက် ၂၄နှစ်
    အမှတ် ၁၆၊မြင်းခြံမြို့။
    ၂၈.၃.၂၀၂၁တွင် လမ်းမတော် “ဇော်” အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့တွင် ညာဘက်ရင်အုံ သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့သည်။

    ၁၅။ဦးမောင်လှိုင်
    အသက် ၄၃နှစ်
    ဥယာဉ်စုရွာ၊ပခုက္ကူမြို့။
    ၂၈.၃.၂၀၂၂နေ့တွင် လမ်းသစ်လမ်း၌ ကားမောင်းနေစဉ် နံဘေးအား သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည်။

    ၁၆။ ကိုဟိန်းဝင်းထွန်း(ခ)ပေါက်စီ
    အသက် ၁၄နှစ်
    ရှားတောရွာ၊မြင်းခြံမြို့။
    ၂၇.၃.၂၀၂၁နေ့တွင် စံပြဈေးအနီး လည်ပင်းအား သေနတ်ကျည်ထိမှန် ကျဆုံးခဲ့သည်။

    ၁၇။မောင်ထွန်းရင်
    အသက် ၂၀နှစ်
    ဂျုပ်ပင်ရွာ၊မြင်းခြံမြို့။
    ၂၇.၃၂၀၂၁နေ့တွင် စံပြဈေး အရှေ့ဖက်၌ နောက်စေမှတဆင့် ညာမျက်လုံးအား သေနတ်ကျည်ထိမှန်ဖောက်ထွက်၍ ကျဆုံးခဲ့သည်။

    ၁၈။ဦးစော
    အသက် ၄၈နှစ်
    အမှတ် ၂၊မြင်းခြံမြို့။
    ၂၇.၃.၂၀၂၁နေ့တွင် အမှတ် ၆ လမ်းမတော်၌ ဘယ်ဘက်ကျော ကျည်ထိမှန် ကျဆုံးခဲ့သည်။

    ၁၉။ဦးသောင်းနိုင်ဦး
    အသက် ၄၆နှစ်
    အမှတ် ၂၊ မြင်းခြံမြို့။
    ၂၇.၃.၂၀၂၁နေ့တွင် အမှတ် ၆ လမ်းမတော်၌ ဘယ်ဖက်နောက်ကျော သေနတ်ကျည်ထိမှန် ကျဆုံးခဲ့ရသည်။

    ၂၀။ဦးမျိုးနိုင်
    အသက် ၄၀နှစ်
    အမှတ် ၁၊မြင်းခြံမြို့။
    ၂၇.၃.၂၀၂၁နေ့တွင် အမှတ် ၆ လမ်းမတော်၌ ဘယ်ဖက်နောက်ကျော သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့သည်။

    ၂၁။ကိုကျော်ကျော်နိုင်
    အသက် ၂၇နှစ်
    အမှတ် ၁၆၊မြင်းခြံမြို့။
    ၂၈.၃.၂၀၂၁နေ့တွင် ဘောလုံးကွင်းတောင်ဖက်၌ ဘယ်ဖက်နောက်ကျော သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့သည်။

    ၂၂။ကိုအောင်ကိုကိုခန့်(ခ)အောင်ကို
    အသက် ၂၇နှစ်
    အမှတ်(၆)၊မြင်းခြံမြို့။
    မတ် ၁၅ရက်နေ့တွင် မျက်နှာကျည်ထိမှန်ဒဏ်ရာရရှိ၍ မတ် ၁၇ရက်နေ့တွင် ၎င်းဒဏ်ရာဖြင့် မန္တလေးဆေးရုံ၌ ကျဆုံးခဲ့သည်။

    ၂၃။မောင်အောင်မျိုးဇော်
    အသက် ၁၇နှစ်
    အမှတ် ၁၉၊မြင်းခြံမြို့။
    ၁၅.၃.၂၀၂၁နေ့တွင် သေနတ်ဒဏ်ရာဖြင့် ရင်အုံပွင့်ကာ ကျဆုံးခဲ့သည်။

    ၂၄။ကိုအောင်ကျော်ဇော
    အသက် ၂၉နှစ်
    အမှတ် ၂၊မြင်းခြံမြို့။
    ၁၅.၃.၂၀၂၁နေ့တွင် သုဓမ္မာလမ်း အနောက်ထိပ်၌ ဆီးခုံနှင့် ဘယ်၀မ်းဗိုက်ထိ သေနတ်ကျည်ထိမှန်၍ ၎င်းဒဏ်ရာဖြင့် ၁၅.၃.၂၀၂၁တွင်ပင် ကျဆုံးခဲ့သည်။ (edited)

    ၂၅။ဦးလှစိုး
    အသက် ၅၂နှစ်
    အမှတ် ၂၊မြင်းခြံမြို့။
    ၁၅.၃.၂၀၂၁နေ့တွင် သုဓမ္မာလမ်း အနောက်ထိပ်၌ ဘယ်ဘက်ရင်ဘတ် သေနတ်ကျည်ထိမှန်ကျဆုံးခဲ့သည်။

    ၂၆။မောင်ရန်မျိုးအောင်(ခ)ဉာဏ်ကျယ်
    အသက် ၁၉နှစ်
    အမှတ် ၁၉၊မြင်းခြံမြို့။
    ၁၅.၃.၂၀၂၁နေ့တွင် လျှပ်စစ်ရုံး(EPC)တောင်ဖက်လမ်းတွင် ညာရင်ဘတ် သေနတ်ကျည်ထိမှန် ကျဆုံးခဲ့သည်။

    ၂၇။မပန်းမြတ်ချယ်(ခ)ဆိုမိုင်ရာဘီ
    အသက် ၂၂နှစ်
    အမှတ် ၃၊ မြင်းခြံမြို့။
    ၁၅.၃.၂၀၂၁ရက်နေ့တွင် သုဓမ္မာလမ်း အနောက်ထိပ်တွင် ဘယ်ဘက်ရင်ဘတ် သေနတ်ကျည်ထိမှန် ကျဆုံးခဲ့သည်။

    ၂၈။မောင်တင်ထွန်းအောင်(ခ)ထွန်းရန်နိုင်
    အသက် ၁၇နှစ်
    အမှတ် ၁၆၊မြင်းခြံမြို့။
    ၁၅.၃.၂၀၂၁နေ့တွင် လျှပ်စစ်ရုံး(EPC)တောင်ဖက်လမ်းတွင် ဦးခေါင်းသေနတ်ကျည်ထိမှန်ကျဆုံးခဲ့သည်။

    ၂၉။ကိုထူးအောင်ကျော်
    အသက် ၂၆နှစ်
    အမှတ် ၃၊မြင်းခြံမြို့။
    လမ်းမတော်ထိပ်တွင် ဘယ်ဖက်မျက်လုံး ရာဘာကျည်ထိမှန်၍ ၎င်းဒဏ်ရာဖြင့် ၁၁.၃.၂၀၂၁တွင်ကျဆုံးသည်။

    ၃၀။ကိုဇင်ကိုကိုဇော်
    အသက် ၂၂နှစ်
    အမှတ် ၁၉၊မြင်းခြံမြို့။
    ၃.၃.၂၀၂၁ တွင် နာရီစင်မြောက်ဖက်၌ ဦးခေါင်းကဘယ်ခြမ်းအား သေနတ်ကျည်ထိမှန်ကျဆုံးသည်။

    Red News Agency

  • စစ်တပ်အာဏာသိမ်းပြီး ၁၃၁ ရက် အတွင်း အသတ်ခံရသူ ၈၆၂ ဦးရှိပြီ

    စစ်တပ်အာဏာသိမ်းပြီး ၁၃၁ ရက် အတွင်း အသတ်ခံရသူ ၈၆၂ ဦးရှိပြီ

    ရန်ကုန်၊ ဇွန် ၁၂ ရက်။

    စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ ရက်ပေါင်း ၁၃၁ ရက်အတွင်း စစ်တပ်၏ ပစ်ခတ်၊ ဖမ်းဆီး၊ရိုက်နှက်ခံရမှုကြောင့် သေဆုံးသည့်ပြည်သူ ၈၆၂ ဦး ရှိသွားပြီဖြစ်ကြောင်း ယနေ့ ( ဇွန်လ ၁၂ ရက်) ညနေပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက် ရေးအသင်း (AAPP)က ထုတ်ပြန်ထား သည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ဖေဖော်ဝါ ရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၁၂ ရက်နေ့ထိ ဖမ်းဆီးခံရသူ (၄၈၄၈) ဦးရှိပြီး၊ (၁၇၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

    အာဏာသိမ်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့်အတွက် ရှောင်တိမ်းနေရသူ (၁၉၃၆) ဦးရှိကြောင်း၊ ယင်းအထဲမှ မျက်ကွယ် သေဒဏ် (၃၁) ဦး၊ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ (၁၄) ဦး၊အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ (၃၉) ဦး၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်စီ ချမှတ်ခံထားရသူ (၅) ဦးရှိသည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency

  • စစ်ကောင်စီနှင့်အတူ ရပ်တည်နေသည့် ကြံ့ခိုင်ရေးပါတီဝင်များကို ပစ်မှတ်ထား တိုက်ခိုက်မည်

    စစ်ကောင်စီနှင့်အတူ ရပ်တည်နေသည့် ကြံ့ခိုင်ရေးပါတီဝင်များကို ပစ်မှတ်ထား တိုက်ခိုက်မည်

    မင်းကင်း၊ ဇွန် ၁၂ ရက်။

    မင်းကင်းမြို့နယ်အတွင်းမှ ကြံ့ခိုင်ရေးပါတီ အဖွဲ့ဝင်များသည် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ ဝတ်စုံများဝတ်ကာ ပြည်သူများကိုဖမ်းဆီး၊ နေအိမ်များကို ဖျက်ဆီးရာတွင် ပါဝင်လာသည့်အတွက် ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု မင်းကင်းပြည်ဟူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ( ဇွန်လ ၁၂ ရက်) တွင် ထုတ်ပြန်ထားသည်။

    Red News Agency

  • လွှတ်တော်ကိုယ်စား လှယ်များမဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းရမည်ဟု NLD ပါတီက ‌ထုတ်ပြန်

    လွှတ်တော်ကိုယ်စား လှယ်များမဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းရမည်ဟု NLD ပါတီက ‌ထုတ်ပြန်

    ရန်ကုန်၊ ဇွန် ၁၀ ရက်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ရွေးကောက်ခံ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများအပေါ် မဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း NLD ပါတီက ယနေ့ ( ဇွန်လ ၁၀ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    ” ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ကာ ပေးအပ်ထားသည့် တာဝန်များကို လွှတ်တော်ကိုယ် စားလှယ်များမှ မဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း ထုတ်ပြန်လိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အာဏာသိမ်း စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်များကို CRPH ၊ NUG ၊ PDF တို့တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ ခံဝန်ကတိလက်မှတ်ရေးထိုး ခိုင်းခြင်းများကို ကိုယ်စားလှယ်များအနေဖြင့် လိုက်နာဆောင်ရွက်ရန် လုံးဝမလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

    Red News Agency

  • မြန်မာနိုင်ငံတွင် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်းပြီး စိုးရိပ်လျက်ရှိကြောင်း ကုလထုတ်ပြန်

    မြန်မာနိုင်ငံတွင် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်းပြီး စိုးရိပ်လျက်ရှိကြောင်း ကုလထုတ်ပြန်

    ရန်ကုန်၊ ဇွန် ၈ ရက်။

    မြန်မာနိုင်ငံ ကယားပြည်နယ်နှင့် အခြားဒေသများတွင် လျင်မြန်စွာဆိုးရွားလာသည့် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေ အနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ကြီးကစိုးရိမ်လျက်ရှိပါကြောင်း ယနေ့ ( ဇွန်လ ၈ ရက်‌) ထုတ်ပြန်ထားသည်။

    ” ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးအနေ ဖြင့် အရပ်သားများနှင့် အရပ်သားများနှင့်သက် ဆိုင်သော အခြေခံအဆောက်အဦများ၊ အထူး သဖြင့် ဆေးကုသရာနေရာများနှင့် ဆေးဝန်ထမ်းများ အစရှိသည့် အကာအကွယ်ပေးရမည့်အရာများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံနှင့် ကြိုတင်ကာကွယ်မှုများကို အရေးတကြီး လုပ်ဆောင်ရန်နှင့် တိုက်ခိုက်သူနှင့်အရပ်သားများအကြား ပစ်မှတ်ခွဲခြားခြင်း၊ လိုအပ်မှသာ ပစ်ခတ်ခြင်း၊ အင်အားအလွန်အကျွံအသုံးမပြုခြင်းနှင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ခြင်း အစရှိသည့် အခြေခံမူများကို လိုက်နာရန် ကုလသမဂ္ဂက ထပ်လောင်းတောင်းဆို တိုက်တွန်းအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ကယားပြည်နယ်တွင် အိုးအိမ်စွန့်ခွါ၍ ထွက်ပြေးတိမ်းရှောင်နေစသူ တစ်သောင်း ဝန်းကျင်ရှိကြောင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွင်လည်း ထွက်ပြေးတိမ်းရှောင်နေရသူအများအပြားရှိကြောင်း သိရသည်။

    Red News Agency

  • ရိုဟင်ဂျာကိစ္စ NUG မူဝါဒ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ လက်မခံ

    ရိုဟင်ဂျာကိစ္စ NUG မူဝါဒ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ လက်မခံ

    RNA၊ ဇွန် ၇ ရက်။

    ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ၏ မူဝါဒ သဘောထားကို ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်် မတီက လက်မခံ‌နိုင်ကြောင်း ဇွန်လ၆ရက်နေ့က ကြေညာ ချက်ထုတ်သည်။

    NUG၏ ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ရိုဟင်ဂျာများနှင့်ပတ်သတ်သည့် မူဝါဒသည် ရခိုင်ပြည် အကျပ် အတည်းကို ပိုမိုရှုပ်ထွေးစေပြီး၊ တည်ငြိမ်မှုကို ပျက်ပြားစေသည့် လုပ်ရပ်ဖြစ်နေကြောင်း၊ NUGက ရိုဟင်ဂျာအရေး ပြောဆိုလာခြင်းသည် နိုင်ငံတကာ အကူအညီရယူလိုသည့် အတွက် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အနေဖြင့် ရခိုင့်ပြည်သူတွေကို ကိုယ်စားပြုမှု မရှိသည့်အတွက် ရခိုင် ပြည်နယ်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်၊ ကြေညာချက်မှန်သမျှ အသိအမှတ်မပြုနိုင်ကြောင်း၊ ရိုဟင်ဂျာအရေး NUG ၏ မူဝါဒနှင့် ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေး စသည့် မကျေနပ်မှုများ နှင့်ပတ်သက်သည့် ပဋိပက္ခများ ကြုံတွေ့လာရပါက NUG မှာ တာဝန်ရှိသည်ဟု ရခိုင်တမျိုးသားလုံးညီညွတ် ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ယောဒေသကာကွယ်ရေးအဖွဲ့အမည်ခံပြီး အလှူခံခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်သည့် ပျူစောထီးများကို ရှင်းလင်းမည်

    ယောဒေသကာကွယ်ရေးအဖွဲ့အမည်ခံပြီး အလှူခံခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်သည့် ပျူစောထီးများကို ရှင်းလင်းမည်

    ဂန့်ဂေါ၊ ဇွန် ၇ ရက်။

    မကွေးတိုင်း ဂန့်ဂေါမြို့ ( ယောနယ်) တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့အမည်ကို အလွဲသုံးစားပြုလုပ်သည့် ပျူစောထီးများ လူမှုကွန်ယက်တွင် အလှူငွေကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်နေသည်ကို တွေ့ရှိရသည်ဟု ယနေ့ ( ဇွန်လ ၇ ရက်) တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

    ယောဒေသကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း၊ အဖွဲ့နာမည်အလွဲသုံးစားလုပ်နေသည့် ပျူစောထီးအဖွဲ့ဝင်များကို စုံစမ်း‌ဖော်ထုတ် ရှင်းလင်းသွားမည်ဟု ကြေညာထားသည်။

    Red News Agency

  • ကယားပြည်နယ်တွင် ယနေ့ စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင်သေဆုံး

    ကယားပြည်နယ်တွင် ယနေ့ စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင်သေဆုံး

    ကရင်နီပြည်၊ ဇွန် ၅ ရက်။

    ကယားပြည် (ကရင်နီပြည်နယ်) နယ် မိုးဗြဲတွင် ယနေ့ ( ဇွန်လ ၅ ရက်) ဖြစ်ပွားခဲ့သည့် ကရင်နီပြည်သူ့ကာကွယ် ရေးအဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင်သေဆုံးပြီး၊ လက်နက်များပါ ရရှိလိုက်သည်ဟု KNDF က
    ထုတ်ပြန်ထားသည်။

    မိုးဗြဲမြို့ ဒုန်းဒူထန်နှင့် ပွဲကုန်း ၃ ကြား ရထားလမ်းမှာ ယနေ့ နံနက်ပိုင်းက တစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း၊ ဒီမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက် လမ်းခွအနီးတွင် လက် နက်ကြီး ပစ်ခတ်မှုကြောင့် KNDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

    ကရင်နီပြည်နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီလက်နက်ကိုင်တို့ နေ့စဉ်နီးပါး ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီဘက်က သေဆုံးမှုများ ပြားနေပြီး လက်နက်ကြီး၊ လေယာဉ်ပစ်ကူများ အသုံးပြုနေသည့်အတွက် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

    Red News Agency

  • NUG နှင့် CNF တို့ နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုး

    NUG နှင့် CNF တို့ နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုး

    RNA၊ မေ ၂၉ ရက်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြားအာဏာ ရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ( မေလ ၂၉ ရက်) တွင် နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း NUG ကကြေညာထားသည်။

    ” အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ် ဆန့်ကျင်တော် လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အခြား အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုကိစ္စများပါဝင်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှ နိုင်ငံတော် ဒုတိယ သမ္မတကြီး ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးများ နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဥက္ကဌ ပူးဇင်ကျုံး၊
    ဒု-ဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးများမှ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

    Red News Agency