ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး

RNA_ဖေဖော်ဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် မတူပီမြို့နယ်တွင်းရှိ ဇိုတုန်ဒေသ၊CNA တပ်မဟာ (၄) နယ်မြေ စသည်တို့တွင် (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ (၄၅) ထက်မနည်း သေဆုံးကာ (၆) ဦးအရှင်ဖမ်းခံရပြီး လက်နက် (၅၀)ကျော်သိမ်းဆည်းရမိသည်ဟု ချင်းအမျိုးသားတပ်ဦး -CNF ကထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ တိုက်ပွဲများအတွင်း CNA၊ CDF ပူးပေါင်းတပ်မှ ရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း၊ ‌ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာဇိုတုန်နယ်တွင် CNA၊ CDF-Matupi၊ CDF – Zotung၊ CDF – Mara ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် (၆) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀) ဝန်းကျင်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ (၈) ရက်နေ့ ထန်တလန်မြို့ ရဲစခန်းနှင့် ထွေအုပ်ရုံး စီးနင်းတိုက်ခိုက်မှုအပါအဝင် CNA တပ်မဟာ (၁)၊ တပ်မဟာ (၃) ၊ တပ်မဟာ (၄) နယ်မြေများအတွင်း (၁၀) ရက်တာတိုက်ပွဲတွင် CNA နှင့်ပူးပေါင်းတပ်ဖွဲ့များက လက်နက် အလက် (၅၀) ကျော်သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor