မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်းတချို့က နိုင်ငံရေးအကျဉ်းသူတချို့ကို ဆဲဆို ရိုက်နှက်မှုများရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသမီးအဆောင်တွင် သာမန်အကျဉ်းသူတချို့နှင့် စကားအခြေအတင်ဖြစ်ရာတွင် မြင်းခြံထောင် ဝန်ထမ်း (၂) ပွင့် နှင့် ဒေါ်မြင့်ဇော်မှ အမျိုးသား ဝန်ထမ်းများကိုခေါ်ကာ နိုင်ငံရေးအကျဉ်းသူ တချို့ကို ဒုတ်ဖြင့်ရိုက်ခြင်း၊ ဆဲဆိုခြင်းစသည်တို့ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းမှ သိရသည်။

“မြင်းခြံထောင်မှာ ဒေါ်မြင့်ဇော်က တော်တော်ဆိုးနေတယ်၊ တလောက ဖြစ်တဲ့ အမျိုးသမီး‌ဆောင်က ပြဿနာမှာ ကျဉ်စက်တွေပါတယ်၊ ဆဲဆိုရိုက်နှက်တယ်၊မီးမှိတ်ပြီး အကုန်ရိုက်သတ်လို့ ရတယ်လို့ပါ ပြောသွားကြတာ” ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အကျဉ်း ထောင်များတွင် လူ့အခွင့်အရေးချိုး‌ဖောက်မှုများစွာရှိနေကြောင်း၊ အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်တို့တွင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်နေက ဝန်ထမ်းအင်အားများတိုးချကာ ဆန္ဒပြမှု မဖြစ်ပွားအောင် ပြုလုပ်ခဲ့ကြောင်း၊ မြင်းခြံထောင်တွင် စစ်အာဏာ သိမ်းမှု (၂) နှစ်ပြည့်နေ့က နိုင်ငံရေး အကျဉ်းသား အကျဉ်းသူတချို့ ဆန္ဒပြခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းမှု (၂) နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့က မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသား/သူများက အိမ်ဆောင်အပြင်မထွက်ခြင်း၊ အစားအသောက်မယူခြင်း၊ ကျဆုံးသွားသည့် ရဲဘော်များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်နက်ဝတ်ခြင်းစသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Red News Agency

By Editor