သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

အခုက ဓါတ်ပုံလေး ဖုန်းနဲ့သွားရိုက်တာတောင် ဟေ့လူ မရိုက်ရဘူးဆိုတာ နားမလည်ဘူးလား၊ ခုပြန်ဖျက်၊ ဘာသတင်းထောက်လဲ အစအနပျောက်သွားမယ်၊ အဲ့လိုဟ နည်းနည်းမှ ပြန်ပြောလို့မရဘူး

RNA_ဖားကန့်၊ ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။

ဖားကန့်ဟုဆိုလျှင် ကျောက်စိမ်းတူးဖော်ထွက်ရှိရာ မိုင်းတွင်းဒေသမှန်း လူတိုင်းသိကြသော်လည်း ဒေသတွင်း သတင်းရယူခြင်းလုပ်ငန်းများကို အသက်နှင့်ခင်းထားရကြောင်းကိုမူ လူသိနည်းလှသည်။

စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် တွင်ကျယ်စွာတူးဖော်လာသည့် ကျောက်မိုင်း‌ဧရိယာအတွင်း ဖုန်းဖြင့် ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ကူးခြင်းများအား တွေ့ရှိပါက လုပ်ကွက်လုံခြုံရေးယူပေးထားသူများ၏ ဖမ်းဆီးရိုက်နှက်ခံရခြင်း၊ ဖုန်းထုခွဲခံရခြင်းများကြုံတွေ့ကြရသည်။

တစ်နိုင်ငံလုံး နွေဦးတော်လှန်ရေးအတွက် လုံးပန်းနေကြသော်လည်း ဖားကန့်က စီးပွားရေးအုတ်မြစ်အဖြစ် ငွေကြေးရတက်ရှိသူများ၏ စေလိုရာစေ ဒေသသာဖြစ်ခဲ့သည်။

“ကျောက်လုပ်ကွက်ကို မပြောနဲ့ဦး တခြားနေရာမှာ မှောင်ခိုစီးပွားရေး၊ ဒီမှာ တရားဝင်ဖြစ်နေတဲ့ လောင်းက စား Money Game ဆိုင်တွေ၊ လမ်းလယ်ခေါင်မှာ ဖွင့်ထားတဲ့ ရှမ်းကိုးမီး၊ ဘူကြီး ဖဲဝိုင်းတွေကို ဓါတ်ပုံရိုက်ကြည့်ပါလား၊ သူတို့အခွန်ဆောင်ထားပြီး လုံခြုံ ရေးယူပေးနေသူတွေက ထရိုက်လိမ့်မယ်၊ အခန့်မသင့်ရင် အသက်ပါပျောက်မယ်၊ ကျောက်တွင်းကတော့ အချီကြီးရနေတဲ့ စီးပွားရေးပဲ ပိုဆိုးပြီပေါ့၊ ဘယ်အထိခိုက်ခံပါ့မလဲ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

 

၂၀၂၀ ခုနှစ်ကုန်တွင် ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အများစု သက်တမ်းကုန်နေကြပြီဖြစ်ပြီး အရပ် သားအစိုးရ NLD က တူးဖော်ရေးလုပ်ကွက်ကြီးများကို သက်တမ်းတိုးပေးခြင်း အသစ်ချပေးခြင်းမပြုပဲ ရပ်တန့်စေခဲ့သည်။

ကျောက်မျက်ရတနာဉပဒေသာထွက်သေးပြီး နည်းဉပဒေပြဌာန်းရခြင်းမရှိသေးသည့်အတွက် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအား ကြပ်မတ်နိုင်မှုနည်းပါးပြီး ပွင့်လင်းမြင်သာမှုမရှိတူးဖော်နေကြသည့် အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက်ဖြစ်သည်။

သို့သော် နွေဦးတော်လှန်ရေးအစပြုသည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်ကာ ကျောက်မျက်လုပ်ငန်းရှင်များက ကုမ္ပဏီနာမည်မရှိ ပိုင်ရှင်မည်သူဖြစ်ကြောင်း လျှို့ဝှက်ကာ စစ်ကောင်စီနှင့်KIA ကို အထူးနားလည်မှု အပေးအယူပြုပြီး ညဘက်အချိန်များတွင် စက်ယန္တရားကြီးများဖြင့် အင်တိုက် အားတိုက်တူးဖော်လာကြတော့သည်။

ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများမစမှီ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီတွင် ဖားကန့်တစ်မြို့နယ်လုံးနီးပါ အင်တာနက်လိုင်းဖြတ်တောက်ထားခဲ့ပြီး စစ်ကောင်စီက ဖားကန့်၏ နိုင်ငံရေးအခြေအနေကို ထိန်းသိမ်းနိုင်ရန်ဟု အကြောင်းပြခဲ့သော်လည်း အမှန်မှာ ထင်တိုင်းကြဲ ကျောက်မျက်တူးဖော်မှုစတင်ရန် သတင်းအမှောင်ချခြင်း၏ ခြေလှမ်းအစပင်ဖြစ်ကြောင်း နောက်မှ ဒေသခံပြည်သူများ သဘောပေါက်လာခဲ့ကြသည်။

Global Witness ၏ အစီရင်ခံစာတွင် ဖားကန့် ကျောက် စိမ်းတွင်းဒေသ၌ ဖားကန့်ရှေ့တန်းတပ်မ(၃၃)၏ ဗျူဟာမှူးနှင့် KIA တပ်မဟာ(၉) တပ်မမှူးတို့ နေ့စဉ်ဖုန်းအဆက် အသွယ်ရှိကြောင်း၊ ကျောက်မျက်လုပ်ကွက်များအားမည်သို့မည်ပုံဆောင်ရွက်ပြီး ကျောက်စိမ်းကို မည်သို့ မည်ပုံ တရုတ်ပြည်သို့သယ်ထုတ်မည့် အကြောင်းအရာများ ပါဝင်ကြောင်း ဖော်ပြသည်။

အလားတူ ကျောက်စိမ်းတွင်းဒေသတွင် စစ်ကောင်စီမှ ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်မှူးကြီးများအစုရှယ်ရာရနေသော ကျောက်စိမ်းလုပ်ကွက်များ၊ KIO/KIA အရာရှိများ ၎င်း တို့နှင့်နှီးနွယ်သူများ ပိုင်ဆိုင်သော ကျောက်ကြောခုံကြီးများ၊ “ဝ” လက်နက်ကိုင်အဖွဲ့၊ AAအဖွဲ့နှင့် ကိုးကန့်အဖွဲ့တို့၏ စီးပွားရေးတာဝန်ခံများပိုင်သော ကျောက်တွင်း၊ DKBA နှင့်အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ရန်ပုံငွေရှာဖွေရေးခေါင်းစဉ်ဖြင့် တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များ၊ မိတ်ဆွေတရုတ်နိုင်ငံသားများစသဖြင့် ကျင်လည်ကျက်စားရာ ဒေသကြီးတစ်ခုလည်းဖြစ်နေသည်။

ဖားကန့်သည် လက်နက်ကိုင်ဘိုးဘေးများ၏ ငွေတွင်းကြီးဖြစ်သည့်အတွက် လုပ်ငန်းများအထိအခိုက်မခံလို၍ သတင်းစီးဆင်းမှုကို တမင်ပိတ်ပင်ထားခြင်းဟုယူဆကြောင်း ဒေသခံအချို့ကဆိုသည်။

အာဏာမသိမ်းမီခေတ်အဆက်ဆက်က ရေမဆေးကျောက်ရှာဖွေသူ အခြေခံလူတန်းစားများက ဝမ်းရေးအတွက် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေမှုကို ဟန့်တားရန် စစ်တပ်နှင့်ရဲများက လုံခြုံ ရေးရယူပေးပြီး အချိန်အကန့်အသတ်ဖြင့် ရေမဆေးသမားများ ဝင်ရောက်ရှာဖွေမှုကို ခွင့်ပြုခဲ့ကြသည်။

ကုမ္ပဏီဝင်းအပြင်ကို ကျောက်ရှာပြီးသား မြေစာစွန့်ပစ်သည့် စွန့်ပစ်မြေစာပုံတွင်တော့ ရေမဆေးသမားများလွတ်လပ်စွာ ကျောက်ရှာဖွေနိုင်ကြသည်။ ယခုအခါ တူးဖော်နေသည့်လုပ်ကွက်များအတွက် KIA က လုံခြုံရေးဆောင်ရွက်ပေးပြီး ကုမ္ပဏီမြေစာသယ်ကားများစွန့်ပစ်သည့်နေရာတွင်သာ ကျောက်ရှာကြရပြီး ကုမ္ပဏီအနားကပ်မိသည်နှင့် အနည်းဆုံး လေးဂွစာမိကြလေသည်။

“အခုက ဓါတ်ပုံလေး ဖုန်းနဲ့သွားရိုက်တာတောင် ဟေ့လူ မရိုက်ရဘူးဆိုတာ နားမလည်ဘူးလား၊ ခုပြန်ဖျက်၊ ဘာသတင်းထောက်လဲ အစအနပျောက်သွားမယ်၊ အဲ့လိုဟ နည်းနည်းမှ ပြန်ပြောလို့မရဘူး”ဟု အလွတ်တန်း သတင်း ထောက်တစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။

လက်ရှိအချိန်ထိလည်း ဖားကန့်ဒေသတွင် အမည်မသိလက်နက်ကိုင်တစ်စု၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူ ဆယ်နှင့်ချီရှိနေပြီဖြစ်ပြီး ထုံးစံအတိုင်း မည်သည့်အဖွဲ့က ဘာကြောင့် သတ်ဖြတ်ခဲ့ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း တစ်စုံတစ်ရာမရှိပဲ တာဝန်ခံမှုမရှိသည်က မြင်သာနေပေသည်။

Red News Agency

By Editor