ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

RNA_ဇန်နဝါရီ(၁၄)၊၂၀၂၃ ခုနှှစ်။
 
စစ်ကောင်စီတပ် တိုက်လေယာဉ် (၄) စီးဖြင့် ဗုံး (၈) လုံးကျဲရာ လေးဝါးကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ပွဲပြီး ကတ်သလစ် သင်းအုပ်ဆရာ စောရယ်ဒီ၊ နှစ်ခြင်းခရစ်ယာဉ် အသင်းအုပ်ဆရာတော် စောချမ်အေး၊ အသက် ၂ နှစ် ၁၁ အရွယ် နော်မရီးနာတို့သားအမိနှင့်စောဖါးဘလယ်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။
 
ကရင်ပြည်နယ်၊ KNU မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် (၄) စီးဖြင့် ဇန်နဝါရီ လ (၁၂) ရက်နေ့ နေ့လည် (၂) နာရီ (၁၃) မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” သေဆုံးသူများမှာ လက်နှစ်ဖက်နှင့် ခန္ဓာကိုယ်ကိုဗုံးထိမှန်ခဲ့ကာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တဲ့ နော်ဆိ၏ခင်ပွန်း အသက် (၄၅) နှစ်အရွယ် (ကတ်သလစ် သင်းအုပ်ဆရာ) စောရယ်ဒီ၊ ခန္ဓာကိုယ် တစ်ခုလုံးကြေမွကာ သေဆုံးခဲ့ရတဲ့ နော်ပယ်ဆိ၏ခင်ပွန်း အသက် (၃၈) နှစ်အရွယ် (နှစ်ခြင်းခရစ်ယာဉ် အသင်းအုပ်ဆရာတော်) စောချမ်အေး၊ ခြေထောက်နှစ်ဖက်သာကျန်ခဲ့တဲ့ နော်အယ်ဘလုဖော၏ခင်ပွန်း အသက် (၃၅) နှစ်အရွယ် စောဖါးဘလယ်၊ စောဖိုးလိုး၏ဇနီး အသက် (၂၇) နှစ်အရွယ် နော်လါးခလယ်ဖော အပြင် အသက် (၂) နှစ်နှင့် (၁၁) လသာရှိသေးသည့် သူ၏သမီး နော်မရီးနာလည်းသေဆုံးခဲ့ပါသည်” ဟု KNU-Mutraw News က ယမန်နေ့က ထုတ်ပြန်ရေးသားထားသည်။
 
စစ်ကောင်စီတပ် တိုက်လေယာဉ် (၄) စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူ (၅) ဦးသေဆုံးခဲ့ရသလို ကျွဲနှစ်ကောင်၊ ဝက်တစ်ကောင် သေဆုံးခဲ့ရပြီး၊ နှစ်ခြင်းခရစ်ယာဉ် ဘုရာကျောင်း (၂) ကျောင်း၊ (RC) ဘုရားကျောင်း (၁) ကျောင်းနှင့် ပြည်သူ ၃၃ ဦး၏ နေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
Red News Agency
By Editor