ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ

RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။
 
အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကလေးခရိုင် အမှတ် (၆) PDF တပ်ရင်းမှ မချောစုအောင်၏ ကလေးမြို့မှ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံများက ချိပ်ပိတ်သိမ်းဆည်းရန် လာသည့် ယမန်နေ့( ဒီဇင်ဘာလ ၇ ရက်)က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
 
မချောစုအောင် PDF တပ်ဖွဲ့ဝင်ဖြစ်ကြောင်း စစ်ကောင်စီဘက်က သိရှိပြီးနောက် အိမ်ချိပ်ပိတ်နိုင်ရေး ဆောင်ရွက်နေစဉ်အတွင်း မချောစုအောင်က “ အိမ်မီးရှို့ခံရမဲ့ အတူတူမိုင်းထောင်လိုက်မယ်” ဟုဆုံးဖြတ်ကာ အိမ်မှာ မိုင်းထောင်ခိုင်းထားပြီး လာချိပ်ပိတ်ချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ချိပ်ပိတ်လာသည့် စစ်ကောင်စီဘက်တော်သားများ သေဆုံးအရေတွက်ကို ကလေး PDF ဌာနချုပ် ထုတ်ပြန်မှသာ အတည်ပြုနိုင်မည်ဟု မချောစုအောင်၏ အမျိုးသား PDF ရဲဘော် ကိုဂျပန်ကြီးက ပြောသည်။
“ကျနော်အမျိုးသမီးရဲ့စွန်လွှတ်ရဲတဲ့သတ္တိကိုတော့ လေးစားတယ်၊ ဒီတိုင်းပြည်အတွက် သူအကုန်စွန်လွှတ်ထားတယ်ဆိုတာကို ပြည်သူလူထုကို သက်သေချပြလိုက်တာဘဲ” ဟု PDF ရဲဘော် မချောစုအောင်၏ အမျိုးသား ကိုဂျပန်ကြီးက Red News Agency ကိုပြောသည်။

နေအိမ်ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများကို မချောစုအောင်က “မအလစစ်ခွေးတစ်သိုက်ရေ မြိန်ရေရှက်ရေရှိကြရဲ့လား🤭
ငါ့အိမ်ကို လာရှာရင် အလကားထားမယ်ထင်နေတာလားမသိဘူး နာနတ်သီးစာမိတာ တုံးခနဲ တုံးခနဲ နဲ့အိမ်ရှေ့တစ်ရှောက်မှာ 🤣 ဒါကြီးပြီးရင် ငါ့အိမ်ရှေ့မှာ သက်ပျောက်ဆွမ်းတရားနာပေးမယ်လေနော်🤣 ကျေနပ်ကြရဲ့လား🥲 “ လူမှုကွန်ရက်မှာ ရေးသားထားသည်။
 
ကလေးမြို့က မချောစုအောင်သည် မိဘများမရှိတော့သည့်အချိန် အမွေအဖြစ် အိမ်တလုံးရှိနေသည်ကို စစ်ကောင်စီလက်အောက်ခံများက ချိပ်ပိတ်ရန်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်ချိပ်ပိတ် သိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး မချောစုအောင်က “တော်လှန်ရေးနိူင်လို့ အိမ်မရှိရင် အိမ်ရှိအောင်ပြန်ရှာမယ် အဓိက ခွေးတွေကို ပညာပေးဖို့လိုအပ်တယ် ပြည်သူတွေရဲ့အိမ်တွေကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ခိုးချင်တိုင်းခိုးရင် မိုင်းစာမိပီး အလောင်းထမ်းပြန်ရမယ် ဆိုတဲ့ ပညာပေးချင်တာ” ဟု အမျိုးသားကို ပြောကာ မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီနှင့်လက်အောက်ခံများသည် NUG၊PDF၊ CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စသည်တို့နှင့် ချိတ်ဆက်သူများ၊ မင်အောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းအဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်သူများ စသည့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အဖမ်းဆီးခံရသူ တချို့နှင့် ရှောင်တိမ်းနေသူများ၏ နေအိမ် အဆောက်အဦများကို နိုင်ငံတော်ပိုင်အဖြစ်ဟုဆိုကာ ချိပ်ပိတ်သိမ်းဆည်းခြင်းများကို ပြုလုပ်နေသည်။
RedNewsAgency
By Editor