ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

စစ်ကောင်စီတပ်နှင့် ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့မှစ ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင် ပြည်သူများ၏ စပါးခင်းများ အချိန်မီ ရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နေသည့် အတွက် ရက္ခိုင့်တပ်တော်- AA စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ စပါးခင်းပိုင်ရှင်များကိုယ်စား ရိတ်သိမ်းပေးနေကြောင်း သိရသည်။

” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များထဲမှ တစ်ခုဖြစ်သော ယခုရက်များအတွင်း အချိန်မီ စပါးရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နေသည့် စပါးကွင်းများမှ ရင့်မှည့်စပါးများကို ရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ဒေသခံပြည်သူ လူထုများနှင့် ပူးပေါင်း၍ လည်းကောင်း၊ စပါးခင်းပိုင်ရှင်များမှာ စစ်ဘေးရှောင်များဖြစ်နေသောကြောင့် ပိုင်ရှင်များကိုယ်တိုင် လာရောက်ရန် မလွယ်ကူသောစပါးခင်းများကို မိမိတို့ ရက္ခိုင့်တပ်တော် စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ စပါးခင်းပိုင်ရှင်များကိုယ်စားလည်းကောင်း စပါးရိတ်သိမ်းခြင်းများကို ရက္ခိုင်ပြည်ရှိ အောက်ဖော်ပြပါ မြို့နယ်များ၏ ကျေးရွာများ၌ ဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်” ဟု ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ မောင်ဖြူရွာ အနောက်ဘက်၊ မညင်းတောင်ရွာ၊ ကုန်တန်းရွာ၊ ခရုချောင်းရွာမှ၊ ရီကောင်းချောင်းရွာ၊ပုဏ္ဏားကျွန်းမြို့နယ် ယာချောင်းရွာ အရှေ့ တောင်ဘက်၊ ဆင်အင်းကြီးရွာတောင်ဘက်၊ ငှက်ကြီးကျွန်းရွာအနောက်ဘက်၊ ပဒေသာရွာဟောင်း အနောက်ဘက် ၊ ရီပေါက်ချောင်းရွာ အနောက်တောင်ဘက်၊ ကျောက်တော်မြို့နယ် သလူချောင်းရွာအနောက်ဘက်၊ ရုပ်သားရွာ အနီးတစ်ဝိုက်၊ နဂရာရွာအနီးတစ်ဝိုက်၊ မြောက်ဦးမြို့နယ် ဂူတလုံးကျ (မြို) ရွာ၊ မင်းပြားမြို့နယ်ရာမောင်တံတားအနီးတစ်ဝိုက် စပါးခင်းများစသည်တို့နှင့် ဆက်လက်ရိတ်သိမ်းရန် ကျန်ရှိနေသေးသော စပါးခင်းများကိုလည်း ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့မှ ပြည်သူများနှင့်အတူ ဆက်လက် ကူညီလုပ်ဆောင်သွားမည် ဖြစ်သည်။

ရက္ခိုင့်တပ်တော်တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်းအား အာရက္ခ ဒေသအတွင်းနေ ပြည်သူလူထုများ၏ လတ်တလော စားဝတ်နေရေး၊ သွားလာရေး၊ ဆေးဝါး အကျပ်အတည်း၊ အခက်အခဲများနှင့် ပြည်သူထူထု၏ အကျိုးစီးပွားကို မဏ္ဍိုင်ပြုသည့်အတွက် စစ်ကောင်စီတပ်နှင့် ယာယီအပစ်ရပ်တန့်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ကို နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါမှကြားဝင် စေ့စပ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

Red News Agency

By Editor