ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦး သေဒဏ်ချမှတ်ခံရ

RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။

အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက် ခံ အင်းစိန်ထောင်တွင်းရှိ စစ်ခုံရုံးက ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးကို ယမန်နေ့ ( နိုဝင် ဘာ ၃၀ ရက်) က သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဒုဗိုလ်မှူးကြီး စောမိုးဝင်းကို သတ်သည်ဟု စွပ်စွဲကာ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဟိန်းထက်၊ ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့ကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၃၀၂ (က) ဖြင့် မတရားအမိန့် သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

” ဒါက မတရားအမိန့်ချလိုက်တာပဲ ရန်သူကတော့ ရန်သူ့အလုပ် ရန်သူလုပ်နေတယ်လို့ပဲ မြင်တယ်။ ကျွန်တော် ဒီနေရာကနေပြီး မေတ္တာရပ်ခံချင်တာက မိဘပြည်သူတွေအနေနဲ့ တော်လှန်ရေး ရဲဘော်တွေကို မြို့ပြပြောက်ကျား ရဲဘော်တွေ ယူဂျီတွေကို တက်နိုင်သလောက် ကူညီစောင့်ရှောက်ကြပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံခင်ပါတယ်ခင်ဗျ” ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီသည် ‌အာဏာသိမ်းသည့်နေ့မှစပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးကာ အကျဉ်းထောင်များတွင် ချုပ်နှောင်ထားခြင်း၊ မတရား သေဒဏ်ချမှတ်ခြင်း စသည်တို့နှင့် ကျေးလက်တို့တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ပြည်သူများကို တရားလက်လွတ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

#RedNewsAgency

By Editor