စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။
 
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုဇော်ဝမ်းမောင်နှင့် မခက်ခက်လွင်တို့ မိသားစု တခုလုံးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး သားကြီး ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချက်မှတ်လိုက်ကြောင်း သိရသည်။
 
ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်အပါအဝင် အမှုတွဲ (၁၇) ဦးကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၂၅ ရက်နေ့က ဒိုက်ဦးတရားရုံးမှ ပုဒ်မ (၁၂၂) နှင့် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့ကြောင်း၊ ကိုသီဟတို့ ဇနီးမောင်နှံကို ထောင်ဒဏ်အနှစ် (၂၀) မချမှတ်ခင် ပုဒ်မ ၅၀၅ နှင့် ထောင်ဒဏ် (၃) နှစ်ချခံထားရသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုဇော်ဝမ်းမောင်သည် အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇/၁ တို့ဖြင့် ထောင်ဒဏ် (၆) နှစ်ချမှတ်ထားကြောင်း၊ ကိုဇော်ဝမ်းမောင်၏ ဇနီးဖြစ်သူ မခက်ခက်လွင်နှင့် သားငယ် ကိုမြတ်သူတို့သည် ရှောင်တိမ်းနေစဉ်အတွင်း ဘားအံမြို့တွင် ဆေးခန်းပြသွားရင်း ဖမ်းဆီးခံရကာ ကျိုက်မရောထောင်တွင် ဖမ်းဆီးထားပြီး ပုဒ်မ- ၅၀(ည) ၊ ပုဒ်မ ၅၁(ဂ)တို့ဖြင့် ၂၀၂၂ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့က ကျိုက်မရောထောင်တွင်းတရားရုံးမှာ စွဲချက်တင်ထားသည်။
 
ရန်ကုန်ုတိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်ကြသည့် ကိုဇော်ဝမ်းမောင်တို့ မိသားစု တခုလုံးကို စစ်ကောင်စီက အငြိုးအတေးကြီးကာ တမိသားစုလုံးကိုဖမ်းဆီးထားပြီး နေအိမ်ကို ချိပ်ပိတ်ထားကြောင်း၊ ကိုဇော်ဝမ်းမောင်တို့ မိသားစုကို အင်းစိန်ထောင်၊ ကျိုက်မရောထောင်၊ ဒိုက်ဦးထောင်တို့တွင် မတရားဖမ်းဆီးခံထားရပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ်များချမှတ်ထားသည်။
 
#RedNewsAgency
By Editor