ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။
 
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားအောင်ပွဲနေ့ အကြောင်းပြုကာ လွတ်ရက်နီး မတရားဖမ်းဆီးခံထားရသူများအပါအဝင် သာမန်ပြစ်ဒဏ်ကျ အကျဉ်းသားစသည်တို့ကို လွှတ်ပေးခြင်းသည်ရွေးကောက်ပွဲကို အရောင်တင်ရန်သာ ဖြစ်သည့်အတွက် ကျေးဇူးတင်စရာ မရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားသည်။
 
မင်းအောင်လှိုင်ဦးဆောင်နေသည့် အကြမ်းဖက်အာဏာသိမ်းအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ယနေ့ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် လွတ်နီးများပါရှိပြီး၊ဖမ်းဝရမ်းထုတ်ခံရသည့် အနုပညာရှင်တို့ ပါဝင်ကြောင်း၊ ခိုး၊ဆိုး၊လု၊နှိုက်စသည့် ပြစ်ဒဏ်ကျအကျဉ်းသားများပါဝင်ပြီး စုစုပေါင်း (၅၇၇၄) ဦး လွှတ်ပေးမည်ဟု သိရသည်။

“ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ပြန်လွှတ် ပေးတဲ့အတွက် လွတ်လာတဲ့သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး။ နောင်တခါကျူးလွန်ရင် ပြစ်ဒဏ်ကိုပေါင်းကျခံမယ်ဆိုတဲ့ နှောင်ကြိုးကိုလည်း မြင်အောင်ကြည့်စေချင်တယ်။ ဘာအထောက်အထားမှမရှိဘဲ မတရားအမှုဆင် စီရင်နေတဲ့ လက်ရှိအခြေ အနေကိုလည်း မမေ့စေချင်ဘူး။ တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်မယ့် ရဲဘော်ရဲမေတွေမို့လို့ နှောင်ကြိုးနဲ့ ထိမ်းချုပ်တာတွေကို အသိတရားနဲ့ယှဥ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်” ဟု ယနေ့ အကျဉ်းသားများလွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး ဝန်ကြီးဦးအောင်မျိုးမင်းက လူမှုကွန်ယက်မှတဆင့် ပြည်သူများကို အသိပေးထားသည်။
 
ယနေ့ လွှတ်ပေးသည့် မတရားဖမ်းဆီးခံရသူများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဦးမြအေး၊ ပန်းချီဆရာ ဦးထိန်လင်း၊ ဟာသသရုပ်ဆောင် ဆင်မနှင့် နိုင်ငံခြားသား (၄) ဦး၊ မစ္ဇျိမ သတင်းဌာနမှ ကိုသန်းထိုက်အောင်နှင့် မငြိမ်းငြိမ်းအေး(ခ) မမေဘဲလ်၊ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆတ်လင်း၊ သတင်းမီဒီယာကောင်စီဝင် သတင်းသမား မသူဇာ၊ ပြည်မြို့က အလွတ်တန်းသတင်းထောက်ကိုလပြည့်စသည်တို့ပါဝင်ကြောင်း၊ NLD အစိုးရလက်ထက်က အဂတိ လိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်ထားသည့် ဒေါ်လဲ့လဲ့မော် အပါအဝင် ဖမ်းဆီးခံရခြင်းမရှိဘဲ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည်ဆိုသည့် သရုပ်ဆောင် ဖွေးဖွေး၊ နီနီခင်ဇော်၊ နန်းခင်ဇေယျာ၊ ယွန်ဝတီလွင်မိုး စသည့် (၁၁) ဦးကိုလည်း အမှုပိတ်သိမ်းကြောင်း သိရသည်။
 
Red News Agency
By Editor