လူထုခေါင်းဆောင်နှင့် ဆွေးနွေးအဖြေရှာနိုင်မှသာပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မည်ဟု NLD ထုတ်ပြန် 

RNA_နိုဝင်ဘာ(၈)၊ ၂၀၂၂ ခုနှစ်။

အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်သည်။

စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့်  ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက် ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ဦး စားပေးဆောင်ရွက်သင့်သော လုပ်ငန်း စဉ်အဖြစ်သတ်မှတ်အကောင်အထည်ဖေါ်သင့်ကြောင်း NLD ကအလေးအနက်တောင်းဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်တိုင်းရင်း သား ပြည်သူလူထုကအပ်နှင်းလိုက်သောဆင့်လွှဲ တာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသား အင်အားစုများ ၊မိတ်ဖက်အဖွဲ့အစည်းများ နှင့် တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ရာ စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖေါ်ထုတ်အရေးယူ နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကပါ ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြပါရန် NLD ကမေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။

NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ချက်သည် ၂၀၂၀ ခုနှစ် ဝင်ဘာလ ၈ ရက်နေ့တွင် covid 19 ကပ်ရောဂါ စိန်ခေါ်မှုများကြားမှ သန့်ရှင်းစွာ ကျင်းပပေးနိုင်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးနှစ်နှစ်ပြည့်မြောက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

NLD အနေဖြင့်  နိုင်ငံတဝှမ်း မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ် ရှိရာတွင် စုစုပေါင်း ၁၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒရှင် ပြည်သူတို့၏ ယုံကြည်စွာ တာဝန်ပေးရွေးချယ်မှု ဖြင့် မဲဆန္ဒနယ် ၉၂၀ တွင်အနိုင်ရရှိခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ၊ပြည်သူလူထုက အပြည့်အဝအပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နောင်အနာဂါတ်မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည် ဟူသော ကတိပြုချက်ဖြင့် နောင်အနာဂါတ်မြန်မာနိုင်ငံ အတွက်ရှေးရှုရမည့်  ပြည်ထောင်စုအရေးကိစ္စ ဆွေးနွေးနိုင်ရေး အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီ ၃၉ ပါတီသို့ ဖိတ်ခေါ်စာများကိုတရားဝင်ပေးပို့ခဲ့သကဲ့သို့ ဗဟိုအလုပ်အမှုဆောင်များပါဝင်သော ကော်မတီတစ်ရပ်ကိုဖွဲ့စည်းပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများ ရုံးစိုက်ရာဒေသများအထိလိုက်လံတွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင် ခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုသည် ယင်းတို့ လိုချင်သည့်ရလဒ် ဖြစ်ပေါ်မလာသည့်အတွက် မဲစာရင်း မှားယွင်းသည်ဟု လိမ်လည် အကြောင်းပြချက်ဖြင့် ထိုစဥ်က တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မလုယူကာ ပါတီခေါင်းဆောင်များ ကို မတရားဖမ်းဆီးထိမ်းသိမ်းခဲ့ကြောင်း၊ ထိုသို့သောမင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုလုပ်ရပ်သည်ပြည်သူတို့၏ ဆန္ဒပြုချက်များနှင့် မျှော်လင့်ချက်များကို ရိုက်ချိုး ဖျက်ဆီး လိုက်ခြင်းပင်ဖြစ်ပြီး တိုင်းပြည်တဝှမ်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေကာ ဒေသတွင်းတည်ငြိမ်မှုကိုပါ ပျက်ပြားစေခဲ့သည်ဟူ၍ ထုတ်ပြန်ခဲ့သည်။

မဲဆန္ဒရှင်ပြည်သူလူထုတစ်ရပ်လုံးသည် မိမိတို့၏ဆန္ဒများကိုချိုးဖေါက်ခြင်းခံလိုက်ရသဖြင့် နိုင်ငံတဝှမ်း စုရုံး၍ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများကလည်း အာဏာလုစစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ရမည် ကို ငြင်းပယ်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM ) ပြုလုပ်ခဲ့ကြရာ အာဏာလုစစ်ကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မှုများ အား အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခြင်း၊ ပါဝင်သူများကို ဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များ နှင့်လူသားများကိုပါ မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်းစသည့်အကြမ်းဖက်မှုတို့ဖြင့် တုန့်ပြန်ခဲ့သည်ဟု ဆိုသည်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီဝင်များကိုလိုက်လံဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကိုခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ချိတ်ပိတ်ခြင်း၊ ပါတီရုံးချုပ်အပါအဝင်အဆင့်ဆင့်သောရုံးများကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးခြင်း၊ ပါတီပိုင် ပစ္စည်း များကို အဓမ္မယူဆောင်ခြင်း တို့ကိုလည်း ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဖွဲ့စည်းထားသော  လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T) ၏ ၂၀၂၂ ခုနှစ် အောက်တို ဘာ ၃၁ ရက်နေ့အထိ ရရှိထားသောမှတ်တမ်းများအရ ဖမ်းဆီးခံထားရသူ  လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် အဖွဲ့ချုပ်ဝင်စုစုပေါင်း ၁၁၆၉ ဦးရှိရာတွင် ဖမ်းဆီးထားစဥ် ကာလအတွင်း သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင်  ၆၇ ဦးရှိကာ ပါတီရုံးများ ကျူးကျော်ဝင်ရောက်မှု ၁၂၀ ကြိမ် ရှိပြီး ပါတီဝင်၂၇၄ ဦး၏ ပိုင်ဆိုင်မှုနေအိမ်များ ချိတ်ပိတ်သိမ်းဆည်းခံရမှုတွင် လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး ပါဝင်ကြောင်း NLD ဗဟိုအလုပ်ကော်မတီကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး နှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ တစ်နေ့တစ်ခြား ဆုတ်ယုတ်ကျဆင်းနေမှုများမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုကိုထိခိုက်လာနိုင်သည့်အလားအလာအပေါ် သတိကြီးစွာထားပြီး ကူညီဖြေရှင်းပေးရန် ကြိုးပမ်းလာရာ အသိအမှတ်ပြုကျေးဇူးတင်နေမည်ဟု ဖော်ပြထားသည်။

ကူညီဖြေရှင်းနိုင်ရေး ကြိုးပမ်းဖေါ်ဆောင်ကြရာတွင် ပြည်သူ လူထု၏ဆန္ဒမှန်ကို အသိအမှတ်ပြုထင်ဟပ်စေသော ရည်ရွယ်ချက် နှင့်လက်တွေ့ကျသော လုပ်ငန်းစဉ်များ ဖြစ်ရန် လိုအပ်နေပြီး လတ်တလော ပြဿနာများပြေလည်ရေးကိုသာရှေးရှုပြီး ဦးစားပေးဆောင်ရွက်မှု များသည် မြန်မာနိုင်ငံတော်၏ ဒီမိုကရေစီရေး လူ့အခွင့်အရေးများ ကိုထိခိုက် ပျက်သုဥ်းစေနိုင်ပြီး အနာဂါတ် မြန်မာနိုင်ငံအား အနိဌါရုံများအတွင်းသို့ တွန်းပို့လိုက်ရာရောက်စေနိုင်သဖြင့်  ယင်းသို့ မဖြစ်စေရေးအတွက် အထူးသတိပြုရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ခဲ့သည်။

Red News Agency

By Editor