ကော့ကရိတ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် စောအချီ ကျဆုံး

RNA_အောက်တိုဘာ(၂၂)၊၂၀၂၂ ခုနှစ်။
 
တိုက်ပွဲပြင်းထန်ခဲ့သည့် ယမန်နေ့က ကော့ကရိတ် တိုက်ပွဲတွင် ကျားဖြူစစ်ကြောင်းမှ ရဲဘော် စောအချီ ကျဆုံးခဲ့ရသည်။
 
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း ဩဂုတ်လ ၂၁ ရက်နေ့ ကော့ကရိတ်မြို့တိုက်ပွဲ နွားခြံအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးကုသမှုနောက်ကျသည့်အတွက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် စောအချီ
 
“ ကျနော်နဲ့အတူ တိုက်ပွဲတွေ စစ်ဆင်ရေးတွေထွက်တာ အများကြီးပါ အမှတ်တရတွေက၊ တော်တော်စိတ်မကောင်းဖြစ်ရတယ်၊ ဝမ်းနည်းရတယ်ဗျာ၊ မနေ့ကလည်း ကော့ကရိတ်တိုက်ပွဲမှာ အတူတူ တိုက်ခဲ့ကျတာပါ၊ ကျနော်က နည်းနည်းပဲ ထိတာပါ၊ သူငယ်ချင်းက ကျသွားတယ်၊ သူဆို အေးဆေးနေလို့ရတယ် ဒါကိုမနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ပွဲဝင်တယ်ဗျာ မြို့ပေါ်မှာစားသောက် ပျော်ပါးနေတာတွေမြင်ရတာ စိတ်မကောင်းဖြစ်ရတယ်၊ ပိုဝမ်းနည်းရတယ်ဗျာ သူ့ကလေးက အခုမှ ၈ လပဲ ရှိသေးတာ” ဟု ကော့ကရိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ် ရေးရဲဘော် ကိုသစ်နောင်နောင်က Red News Agency ကို ပြောသည်။

 
ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကော့ကရိတ်တိုက်ပွဲသည် မြို့သိမ်းတိုက်ပွဲ မဟုတ်ကြောင်း၊ မြို့သိမ်းတိုက်ပွဲပြုလုပ်မည်ဆိုပါက ပြန်ဆုတ်မိန့် ပေးမည်မဟုတ်ကြောင်း၊ ကော့ကရိတ်တိုက်ပွဲတွင် သုံ့ပန်းတချို့ ဖမ်းဆီးရမိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
ရှေ့တန်းတိုက်ပွဲဝင်ရဲဘော်များကို ငဲ့ညှာသောအားဖြင့် Facebook လူမှုကွန်ရက်တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီ သို့မဟုတ် မြို့သိမ်းနေပြီဟု မပြောသင့်ကြောင်း၊ တိုက်ပွဲတွင်းရုပ်သံများ ဓာတ်ပုံများကို တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မည်သူမှ မတင်သင့်ကြောင်း၊ ရှေ့တန်းရဲဘော်များမှာ လက်နက်ကြီးဒဏ်ကို အသေအလဲ ခုခံကာကွယ်နေရချိန် လူမှုကွန်ရက်တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြခြင်းဖြစ်သည်ဟု ကော့ကရိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ရဲဘော်တဦးက ပြောသည်။
ကော့ကရိတ်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် စောအချီ၏ ဈာပန
 
“ကျနော်လည်း မြို့ထဲဝင်တဲ့အချိန် တိုက်ပွဲရုပ်သံတွေရိုက်ပါတယ်၊ ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားချိန်မတင်သင့်ဘူးဗျာ၊ အဲဒီအတွက် ရဲဘော်တွေ ဒဏ်ရာရ အသက်ပေးရနိုင်တယ်၊ လေယာဉ်တွေ လက်နက်ကြီးတွေကို မနည်းရှောင်နေကြရတဲ့အချိန် မြို့လည်း မသိမ်းနိုင်ခဲ့ပါဘူး၊ ၉၇ အနီးထိ ပစ်ခတ်နေကြပြီ သူတို့ မကျသေးဘူးလေ၊ အားပေးကြတာ ဝမ်းသားအားရ ပြောကြတာ လက်ခံပါတယ်၊ ရှေ့တန်းကရဲဘော်တွေကို သနားသင့်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကော့ကရိတ်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော် သစ်နောင်နောင်
 
ကော့ကရိတ်မြို့အနီးတဝိုက် ယနေ့အထိ စစ်ငွေ့သန်းနေကြောင်း၊ စစ်ကောင်စီတပ်ကတော့ ရမ်းသန်းပြီး လက်နက်ကြီးပစ်ခတ်မှုများရှိနေသေးကြောင်း၊ ယမန်နေ့တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုဖြင့် လေကြောင်း ပစ်ခတ်မှုကြောင့် ပြည်သူတချို့သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း၊ နေအိမ်အဆောက်အဦတချို့နှင့် ဘုန်းတော်ကြီးကျောင်း ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
 
Red News Agency
By Editor