စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

RNA_ဩဂုတ် ၃၊၂၀၂၂ခုနှစ်။

ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ (တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က ပစ်ခတ်သည့်အတွက် ကျောင်းသား (၂) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က အကြောင်း မဲ့ ပစ်ခတ်သည့်အတွက် ရဲမဝ(ရီးမဝ) ကျေးရွာမှ ကျောင်းသား မောင်နေမင်းထွန်း (အသက်-၁၂ နှစ်) နှင့် မောင်အောင်သန်းမြင့် (အသက်-၁၂ နှစ်) တို့ သေဆုံးခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသော ကျောင်းသူ/ကျောင်းသားအချို့နှင့် ကျောင်းစောင့်တစ်ဦး (ဦးဗဒူ၊ အသက်-၅၆ နှစ်)တို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်ဟု ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ယနေ့ ထုတ်ပြန်ထားသည်။

ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကူးသန်း ရောင်းဝယ်ရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားလာနေကြသည့် ခရီးသွားမိဘပြည်သူများကို ၎င်းမြစ်ကြောင်းကမ်းနံဘေး၌ စခန်းချ တပ်စွဲဂိတ်ချထားသော စစ်ကောင်စီတပ်မှ အတင်းအဓမ္မပစ္စည်းတောင်းခံခြင်း၊ ငွေကြေးကောက်ခံခြင်း၊ သေနတ်ဖောက်ရပ်တန့်ခိုင်းခြင်း၊ မရပ်တန့်သော စက်လှေများအား သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Red News Agency

By Editor