ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

ကရင်နီပြည်မှာကျဆုံးခဲ့သည့် ကိုစိုင်းဘုန်းမင်းသန့်ကို ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ကရင်နီPDFက အာဇာနည်သူရဲကောင်းအဖြစ်ထည့်သွင်းဂုဏ်ပြုသည့်အတွက် မိခင်ဖြစ်သူက ကြေကွဲစွာနှင့်ထပ်ဆင့်ဂုဏ်ပြုကြောင်း လူမှုကွန်ယက်တွင် ရေးသားထားသည်။

ကရင်နီပြည် တိုက်ပွဲတနေရာ၌ အသက် (၂၂) နှစ်အရွယ် ကိုစိုင်းဘုန်းမင်းသန့်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့က ကျဆုံးခဲ့သည့်အတွက် ဇူလိုင်လ (၂၀) ရက်နေ့ရောက်ပါက ကျဆုံးခြင်း (၉) လပြည့်ပြီဖြစ် ကြောင်း သိရသည်။

ကိုစိုင်းဘုန်းမင်းသန့် မိခင်သည့် KPDF က ယနေ့ပြုလုပ်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မှတ်တမ်းကို ပြန်လည်မျှဝေရာတွင် ” အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုခြင်း…တဲ့ သားစိုင်းဘုန်းမင်းသန့်ရေ..အမေကလဲ ကြေကွဲစွာနဲ့ ထပ်ဆင့်ဂုဏ်ပြုပါတယ်” ဟု လုမှုကွန်ယက်တွင် ရေးသားထားသည်။

Karenni PDF က ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့ တွင် ကျဆုံးခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများ နှင့် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ရဲရင့်စွာတော်လှန်ရင်း တိုင်းပြည်အတွက်အသက်ပေးခဲ့ပါသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်အသိအမှတ်ပြု၍ အလေးပြုခြင်းနှင့် အောက်မေ့သတိရခြင်းအခမ်းအနားအား နောက်တန်းတွင်ကျန်ရှိနေသော ရဲဘော်များဖြင့် ယနေ့ အကျဉ်းချုံးပြုလုပ်ခဲ့သည်။

” (၇၅)ကြိမ်မြောက်အာဇာနည်နေ့တွင် သမိုင်းတစ်လျှောက် ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် အသက်ပေးလှူတိုက်ပွဲဝင်ပေးခဲ့သော လွတ်လပ်ရေးခေါင်းဆောင်ကြီးများအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရင်း သမိုင်းအသစ်ရေးထိုးကာ တော်လှန်ပေးဆပ်ခဲ့ပါသော အာဇာနည်သူရဲကောင်းများအား အလေးပြုမှတ်ကျောက်တင် ဂုဏ်ပြုဦးညွတ်လျက်” ဟု Karenni PDF က ပြည်သူများကို အသိပေးထားသည်။

Red News Agency

By Editor