ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

RNA_ဇူလိုင်၂၀၊၂၀၂၂ခုနှစ်။

၂ဝ၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ စောနယ်ဒါးမှ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီးဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း(KNDO) အနေ ဖြင့် လုံးဝယုံကြည် လက်ခံမှုမပြုနိုင်ကြောင်း ယနေ့ထုတ်ပြန်ထားသည်။

ကော်သူးလေတပ်မတော်(Kawthoolei Armed Forces) သည် ၁၉၄၉ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စတင်ခဲ့သည့် ကရင့်တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေးလိုအပ် ချက်အရ ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကိုပေါင်းစည်းပြီး ၁၉၅၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ နှစ်စဉ် ဇူလိုင်လ (၅) ရက်နေ့ရောက်တိုင်း ကရင်တော်လှန် ရေးအဖွဲ့များနှင့် ပြည်သူများက ကော်သူးလေတပ်မတော်နေ့ကို တရားဝင်နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ပြုကျင်းပကြမြဲဖြစ်ကြောင်း သိရသည်။

” ကီဂ်သူလူၤသုးမုဒိဉ်(KAW THOO LEI ARMY) သို့မဟုတ် (ကော်သူးလေတပ်မတော်)သည် ကျိုးကြောင်းဆီလျော်မှုမ ရှိဘဲထွက်ပေါ်လာသည့် အတွက် မိမိတို့ ကရင့်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင့်အမျိုးသားကာကွယ် ရေးအဖွဲ့အစည်း(KNDO) အနေ ဖြင့် လုံးဝယုံကြည် လက်ခံမှုမပြုနိုင်ပါ။ ကီဂ်သူသုးမုဒိဉ် (KAW THOO LEI ARMY) သို့မဟုတ် (ကော်သူးလေတပ်မတော်) ဖွဲ့စည်းခြင်းသည် KNLA/KNDO ခေါင်းဆောင် တပ်မှူးများ၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ကိုဆန့်ကျင်ပြီး မိမိတို့တပ်မတော်တွင်း ထင်ယောင် ထင်မှားဖြစ်အောင် တမင်တကာဖန်တီးဖွဲ့စည်းခြင်းသာဖြစ် သည်။ မိမိတို့ (KNLA/KNDO) ၏ သဘောထား လုံးဝမဟုတ်ပါ” ဟု ကော်သူးလေး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် ဗဟိုစစ်ဦးစီးဌာနချုပ်၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုအပေါ် မိမိတို့ KNLA/KNDO တပ်မှူး/တပ်ဗိုလ်/တပ်သားများအားလုံး သတိကြီးစွာထားပြီး လေးလေးနက်နက်စဉ်းစားဆင်ခြင်နိုင်ကြစေရန်နှင့် ကရင်အမျိုးသားပြည်သူလူထုတစ်ရပ်လုံးမှ ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန် အသိပေးရှင်းလင်းထုတ်ပြန်အပ်သည်ဟု ကြေညာထားသည်။

Red News Agency