ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။

ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီတပ် လက်အောက် ခံများက ဇူလိုင် (၄) ရက်နေ့က လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားခဲ့ရသည့် ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်သည် ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီအဖွဲ့၏ ကွင်းဆင်းဝန်ထမ်းတစ်ဦးလည်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်က ခန္ဓာကိုယ် ခြေလက်တို့ကိုဖြတ်ပြီး သတ်ခဲ့ကြောင်း သိရသည်။

” ၂၀၂၂ ခုနှစ် ဇူလိုင်လ(၄)ရက်နေ့တွင် ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းအဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်အား လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့သည့် မည်သည့်တပ်မတော်၊ မည်သည့်လက်နက်ကိုင်အဖွဲ့၊ အမိန့်ပေးသည့်အရာရှိ၊ အမိန့်ကို နာခံပြီး ကျူးလွန်ခဲ့သူ မည်သူမဆိုသည်လူ့အခွင့် အရေးနှင့် လူသားကျင့်ဝတ်၊ ဘာသာရေးကျင့်ဝတ်နှင့် လူမှုရေးကျင့်ဝတ်များကို ချိုးဖောက်သူများအဖြစ် သတ်မှတ်ပါသည်” ဟု ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

အခင်းဖြစ်ပွားသည့်နေ့တွင် စောလားကပေါ် (ခ)ဖားဘော်သည် စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာနှင့် လိုအပ်သည့်အရာများကို ဝယ်ယူရန် သွားလာနေစဉ်အတွင်း လူမဆန်စွာသတ်ဖြတ်ခံရသဖြင့် မိသားစုနှင့်တကွ ကျောက်ကြီးဒေသ တစ်ခုလုံးအတွက် အလွန်ကြီးမားသည့် ဆုံးရှုံးနစ်နာမှုတစ်ခုပင်ဖြစ်ကြောင်း၊ ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းသည် ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်မှ အရပ်သားအခြေပြု လူမှုရေးရာ ကော်မတီတစ်ခုချင်းစီမှ ရွေးချယ်သော ကိုယ်စားလှယ်များဖြင့် ဦးဆောင်ဖွဲ့စည်းပြီး ဒေသတွင်းရှိ လူမှုရေးရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့အစည်းအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့်စစ်ဘေးရှောင်ပြည်သူများ၏ အခက်အခဲများကို ပြည်သူများနှင့်အတူ ဆက်လက်ပူးပေါင်းပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပြီးပြည်သူလူထု၏ လုံခြုံရေးနှင့် ဒေသငြိမ်းချမ်းရေးကို ပျက်ပြားစေသည့် လက်နက်ကိုင်အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။

Red News Agency

By Editor