PDF အဖွဲ့ဝင်တချို့၏ ပစ်ခတ်မှုကြောင့် (၇) နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာ PDF အဖွဲ့ဝင်တချို့ ဒလန်သတ်မှတ်ထားသူ ဦးကျော်ဟိန်းနေအိမ်ကို ဝင်ရောက်ပစ်ခတ်စဉ် (၇) နှစ်အရွယ် မငုဝါနိုး ကျည်ထိမှန်ကာ သေဆုံးခဲ့ရသည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတ်ီက ယနေ့ နံနက်မှာ ထုတ်ပြန်ထားသည်။

ဝေဒီကျေးရွာနေ ဦးကျော်ဟိန်းအား ဒလန်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇူလိုင်လ ၉ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည်ကို အတည်ပြုနိုင်ကြောင်း၊ ပစ်ခတ်မှုအတွင်း ဦးကျော်ဟိန်းမှာ ထွက်ပြေးလွတ်​မြောက်ခဲ့ကာ နေအိမ်အတွင်းရှိ ဇနီးဖြစ်သူ အသက် (၄၀)ခန့်ရှိ ဒေါ်ဖြူသန်းနှင့် တူမဖြစ်သူ အသက် (၇) နှစ်အရွယ် မငုဝါနိုးတို့ ကျည်ဆံထိမှန်ခဲ့ပြီး မငုဝါနိုးမှာ အသက်သေဆုံးသွားခဲ့တယ်လို့ မငုဝါနိုး၏ ဖခင်ဖြစ်သူက ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတ်ီကို ပြောကြားထားသည်။

” မငုဝါနိုးမှာ အချိန်မှီ ဆေးကုသမှုခံယူနိုင်ပါက အသက်ရှင်သန်နိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက ဆေးကုသမှုခံယူရန် အရေးပေါ်ကားဖြင့် လူနာကို အချိန်မှီ သယ်ဆောင်ခွင့်မပြုသဖြင့် အသက် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရခြင်းလည်းဖြစ်ပါသည်” ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတ်ီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မငုဝါနိုး၏ မိဘများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များ၏ ရန်ပြုမှုကြောင့် တိမ်းရှောင်နေကြရပြီး မငုဝါနိုးမှာလည်း အဆိုပါပစ်ခတ်မှုဖြစ်ပွားသည့် အဒေါ်ဖြစ်သူ၏ နေအိမ်မှာ ခေတ္တလာရောက်နေထိုင်ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ PDF ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတ်ီထံပြောကြားကြောင်း သိရသည်။

ဓာတ်ပုံ : သေဆုံးသူ ကလေးငယ်၏ ဓာတ်ပုံအား ဖခင်ခွင့်ပြုချက်အရ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတ်ီက ဖော်ပြထားသည်။

Red News Agency

By Editor